နေပြည်တော် ဒီဇင်ဘာ ၂၁
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းသည် စီမံ ကိန်းရေးဆွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဇမ္ဗူသီရိမြို့နယ်၊ စီမံကိန်းဦးစီးရုံးနှင့် စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ သင်တန်းကျောင်းသို့ သွားရောက်စစ်ဆေးသည်။
ဦးစွာ ဒုတိယဝန်ကြီးသည် ဇမ္ဗူသီရိမြို့နယ်၊ စီမံကိန်းဦးစီးရုံးသို့ သွားရောက်၍ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ရုံးလုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို စစ်ဆေးသည်။ ထို့နောက် စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ သင်တန်းကျောင်းသို့ သွားရောက်၍ စီမံကိန်းရေးဆွဲရေးဦးစီးဌာန(ရုံးချုပ်)နှင့် နေပြည်တော်စီမံကိန်းဦးစီးရုံး အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ် (၁၀)ခုမှ သင်တန်းတက်ရောက်နေသည့် သင်တန်းသား/ သင်တန်းသူ (၆၀) နှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေးအတွက် အစဉ်လေ့လာဆည်းပူး သင်ယူသွားရန်၊ စီမံကိန်းများ အကောင်အထည်ဖော်မှုများအပေါ် စနစ်တကျ သုံးသပ်ဆောင်ရွက်သွားရန်နှင့် စာရင်းဇယားများ ပြည့်စုံမှန်ကန်ရေးကို အလေးပေးဆောင်ရွက်ရန်၊ လာမည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များ၏ စီမံကိန်းများ ရေးဆွဲဆောင်ရွက်ရာတွင် နိုင်ငံတော်မှ အဓိကဆောင်ရွက်နေသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို စီမံကိန်းလျာထားချက်များတွင် စနစ်တကျ ထည့်သွင်းနိုင်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အဆင့်ဆင့် ကြီးကြပ်ဆောင်ရွက်သွားရန်၊ နိုင်ငံ့ဘဏ္ဍာငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်း/ လုပ်ငန်းစီမံကိန်းများအတွက် စနစ်တကျ စိစစ်ဆောင်ရွက်သွားရန်၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများကို သိရှိလိုက်နာ ဆောင်ရွက်သွားရန်တို့ကို မှာကြားပြီး ဝန်ထမ်းများ၏ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
သတင်းစဉ်