နေပြည်တော် စက်တင်ဘာ ၂၄
ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ Jiangsu ပြည်နယ်၊ Lianyungang မြို့ရှိ Jinlin Haizhou Bayview Conference Center ၌ စက်တင်ဘာ ၁၉ ရက်မှ ၂၁ ရက်အထိ ကျင်းပခဲ့သည့် ဒုတိယ အကြိမ် ကမ္ဘာလုံးဆိုင်ရာလုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုညီလာခံ(၂၀၂၃) (Lianyungang ဖိုရမ်)သို့ တက်ရောက်ခဲ့သည်။
စက်တင်ဘာ ၂၀ ရက်တွင် ပြုလုပ်ခဲ့သော ညီလာခံဖွင့်ပွဲအခမ်းအနားသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော် ကောင်စီဝင်နှင့် ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီးဌာန၊ဝန်ကြီး Mr. Wang Xiaohong က တက်ရောက် အဖွင့် အမှာစကား ပြောကြားခဲ့သည်။
ယင်းနောက် ညီလာခံအား အပိုင်း ၄ ပိုင်းခွဲ၍ ကမ္ဘာ့လုံခြုံရေးအပေါ်ကြိုတင် ခန့်မှန်းခြင်း၊ ပြည်သူ့လုံခြုံရေးအတွက် ဘက်စုံထောင့်စုံမှစုပေါင်းညှိနှိုင်း ဆောင်ရွက်ခြင်း၊ စွမ်းရည်မြှင့်တင်ရေးဆိုင်ရာ အစီအစဉ်များ တိုးမြှင့်ပြုလုပ်ခြင်း၊ လုံခြုံမှုရှိခြင်းကြောင့် ရရှိလာသည့် ဖွံ့ဖြိုးတိုးတက် အောင်မြင်မှုများကို မျှဝေခံစားခြင်း စသည့် ခေါင်းစဉ် ၄ ရပ်ဖြင့် ဆက်လက်ပြုလုပ်ခဲ့သည်။ ညီလာခံသို့ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ အိန္ဒိယ၊ နီပေါ၊ သီရိ လင်္ကာ၊ ပါကစ္စတန်၊ အာဖဂန် နစ္စတန်၊ ဗြိတိန်၊ ဆော်ဒီအာရေဗျ၊ ရုရှား၊ ကာဇက်စတန်၊ ကာဂျီစတန်၊ တာဂျီကစ္စတန်၊ ဥဇဘက် ကစ္စတန်၊ အဇာဘိုင်ဂျန်၊ အာမေးနီးယား၊ တူရကီ၊ ဘီလာရုစ်၊ အီရန်၊ မွန်ဂိုလီးယား၊ တောင်ကိုရီးယား၊ ဂျာမဏီ၊ ပြင်သစ်၊ နီကာရာဂွာ၊ အာဂျင်တီးနား၊ ပနားမား၊ အီသီယိုးပီးယား၊ တောင်အာဖရိက နိုင်ငံများ၊ အပြည်ပြည်ဆိုင်ရာ ရဲအဖွဲ့၊ လန်ချန်း-မဲခေါင် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးစင်တာ၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက် ရေးအဖွဲ့အပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်း စုစုပေါင်း ၅၀ ကျော်မှ တရားဥပဒေစိုးမိုးရေးဆိုင်ရာ အရာရှိကြီးများနှင့် ကျွမ်းကျင်ပညာရှင်များ တက်ရောက်ခဲ့ကြသည်။
ညီလာခံအပိုင်း (၂) တွင် ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်က ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးအစီအမံ (GSI) ပါ ကတိကဝတ်များသည် မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒတွင် အစဉ် တစ်စိုက် လိုက်နာကျင့်သုံးခဲ့သော အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုကို လေးစားလိုက်နာရေးနှင့် ပြည်တွင်းရေးကိစ္စရပ်များတွင် ဝင်ရောက်မစွက်ဖက်ရေး တို့ပါဝင်သည့် ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေးမူကြီး (၅) ရပ်နှင့် လိုက်လျောညီထွေရှိသဖြင့် အဆိုပါကမ္ဘာလုံးဆိုင်ရာလုံခြုံရေးအစီအမံ (GSI) ကို ထောက်ခံကြိုဆိုပါ ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးနှိမ်နင်းရေးအတွက် နိုင်ငံတကာအဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်လျှက်ရှိကြောင်း၊ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြု သည့် Precursor Chemical များသည် မြန်မာနိုင်ငံတွင်ထုတ်လုပ်ထွက်ရှိခြင်းမဟုတ်ဘဲ မြန်မာနိုင်ငံပြင်ပမှ ဝင်ရောက်လာကြခြင်းဖြစ်သဖြင့် နိုင်ငံပေါင်းစုံမှ ပူးပေါင်းတားဆီးကြရန်လိုအပ်ကြောင်း၊ မူးယစ်ဆေးဝါးထုတ်လုပ်သူများ၊ ပြည်တွင်း/ ပြည်ပဂိုဏ်းအဖွဲ့များနှင့် ပူးပေါင်းကျူးလွန်သူများကို ဖမ်းဆီးနိုင်မှသာ မူးယစ်ဆေးဝါးအန္တရာယ် အမြစ်ပြတ်သည် အထိ ဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် အိမ်နီးချင်းနိုင်ငံများအကြား၊ ဒေသတွင်းနိုင်ငံများအကြား၊ ကမ္ဘာ့နိုင်ငံများ အကြား သတ်မှတ်ဆက်သွယ်ရေး လမ်းကြောင်းများမှတစ်ဆင့် သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ ဖလှယ်ပြီး ပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
ဉာဏ်ရည်တုနည်းပညာ (Artificial Intelligence) နှင့် ChatGPT ကဲ့သို့ ဘာသာစကားဆိုင်ရာ နည်းပညာအသစ် များကို Online Scam Centre များတွင်အသုံးချနေကြကြောင်း၊ Online Scam နှင့်စပ်လျဉ်း၍ တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့များနှင့် သက်ဆိုင်ရာ ပုဂ္ဂလိကကုမ္ပဏီများအကြား လေးလေးနက်နက် ပူးပေါင်းဆောင်ရွက်ရန်နှင့် သတင်းအချက်အလက် ကျယ်ကျယ်ပြန့်ပြန့် မျှဝေဖလှယ်ရန် လိုအပ်ပါကြောင်း၊ လူကုန်ကူးသည့်လမ်းကြောင်းများ၊ ငွေကြေးလွှဲပြောင်း လက်ခံမှုများ သို့မဟုတ် ပြစ်မှုကျူးလွန်ပုံကျူးလွန်နည်းများစသည့် သတင်းအချက်အလက်များ ဖလှယ်ခြင်းဖြင့် လူတစ်ဦးချင်းစီကို ခေါင်းပုံဖြတ်ခံရခြင်းမှ အကာအကွယ်ပေးနိုင်မည်ဖြစ်ကြောင်း၊ စီးပွားရေးနှင့်ငြိမ်းချမ်းရေး တက္ကသိုလ်(IEP) က ထုတ်ဝေသော ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်မှုညွှန်းကိန်းအစီရင်ခံစာ(၂၀၂၃) အရ အကြမ်းဖက် အုပ်စုများသည် မောင်းသူမဲ့ယာဉ်များ (Drones)ကို အသုံးပြုလာကြသည်ဟု ဖော်ပြပါရှိပါကြောင်း၊ အကြမ်းဖက် သမားများက Drone များ အသုံးပြုလာမှုသည် အနာဂတ်တွင် စိန်ခေါ်မှုတစ်ရပ်ဖြစ်လာမည်ဖြစ်ကြောင်း၊ ဒုစရိုက် သမားများနှင့် ဒုစရိုက်ဂိုဏ်းများ၏လက်တွင်းသို့ Drone အပါအဝင် စွမ်းအားမြှင့် လက်နက်များ မရောက်ရှိစေရေး အတွက် ကမ္ဘာလုံးဆိုင်ရာ၊ ဒေသဆိုင်ရာနှင့် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ရမည်ဖြစ်ကြောင်း၊ ယင်းသို့ တိုးမြှင့်မှုကို နယ်စပ်ဒေသထိန်းချုပ်ရေးအစီအမံများ ခိုင်မာအားကောင်းစေခြင်းမှတစ်ဆင့် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ယင်းနောက် ညနေ ၅ နာရီတွင် ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ လူဝင်မှုကြီးကြပ်ရေးဦးစီး ဌာနအကြီးအကဲ Mr. Xu Ganlu ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့သည် Jinlin Haizhou Bayview Conference Center ရှိ Bilateral Call Room ၌ တွေ့ဆုံဆွေးနွေးခဲ့သည်။
မြန်မာကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၂၃ ရက် နံနက်ပိုင်းတွင် ကွမ်တုန်းပြည်နယ်၊ ကွမ်ကျိုးမြို့၊ ပိုင့်ယွန် ခရိုင်၊ ဝင့်ရှန်ကျူအန်လမ်းရှိ ကွမ်တုန်းရဲကောလိပ်သို့ သွားရောက်လေ့လာခဲ့ကြသည်။ မြန်မာကိုယ်စားလှယ်အဖွဲ့ကို ကွမ်တုန်းရဲကောလိပ်၊ ဒုတိယကျောင်းအုပ်ကြီး Mr. Zhang Cheng နှင့် အဖွဲ့ကကြိုဆိုခဲ့ကြပြီး ကျောင်းရုံးရှိ အစည်းအဝေးခန်းမ၌ ကွမ်တုန်း ရဲကောလိပ်ဆိုင်ရာ အချက်အလက်များအား ရှင်းလင်းတင်ပြခဲ့သည်။ ယင်းနောက် မော်တော်ယာဉ်မတော်တဆမှုမှ အီလက်ထရောနစ် သက်သေခံပစ္စည်းများ စုံစမ်းဖော်ထုတ်ခြင်းနှင့် အခင်းဖြစ်ရပ် ပြန်လည် တည်ဆောက်ခြင်းဆိုင်ရာသုတေသနဌာန (Vehicle Electronic Evidence Investigamtion and Accident Recon struction Laboratory) နှင့် ၂၅ မီတာ၊ မီတာ ၅၀ သေနတ်ပစ်လေ့ကျင့်ရေးကွင်းသို့ သွားရောက် လေ့လာခြင်းနှင့် ရထားဘူတာရုံအတွင်းဖြစ်ပွားသော အကြမ်းဖက်တိုက်ခိုက်မှု ဖြေရှင်းဆောင်ရွက်သည့် လက်တွေ့ သရုပ်ပြမှုကို ကြည့်ရှုအားပေးသည်။
မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်တုန်းပြည်နယ်၊ ကွမ်ကျိုးမြို့မှ ရန်ကုန်မြို့သို့ လေကြောင်းခရီးစဉ်ဖြင့် ပြန်လည်ရောက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)