နေပြည်တော် ဒီဇင်ဘာ ၂၉

 

ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲအုပ်လောင်း သင်တန်းအမှတ်စဉ် (၁၁၅/၂၀၂၃)ရဲသူရတပ်ခွဲ သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ရဲအရာရှိလေ့ကျင့်ရေးကျောင်း စစ်ရေးပြကွင်း၌ ကျင်းပသည်။

 

သင်တန်းဆင်းပွဲ အခမ်းအနားသိုဲ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်၊ ဒုတိယရဲချုပ်(၂) ရဲဗိုလ်ချုပ် အောင်နိုင်သူနှင့် ရဲအရာရှိကြီးများ၊ နိုင်ငံ့ဝန်ထမ်း တက္ကသိုလ်(အထက်မြန်မာပြည်)ပါမောက္ခချုပ် ဦးကျော်စိုး၊ ဗဟိုမီးသတ်သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်သည် ဒုတိယရဲအုပ် လောင်းများ၏ အလေးပြုခြင်းကိုခံယူကာ သင်တန်းဆင်းတပ်ခွဲအား စစ်ဆေးပြီး ဒုတိယရဲအုပ်လောင်းများက အနှေးလျှောက်၊ အမြန်လျှောက်ဖြင့် ချီတက်အလေးပြုကြသည်။

 

ယင်းနောက် ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်က အကောင်းဆုံးကျောင်းသား ဆုရဒုတိယရဲအုပ်လောင်း ဇော်မျိုးသက်၊ ကွန်ပျူတာဘာသာရပ် ထူးချွန်ဆုရ ဒုတိယရဲအုပ်လောင်း စီစီခိုင်၊ လေ့ကျင့်ရေးထူးချွန်ဆုရ ဒုတိယ ရဲအုပ်လောင်း ဇော်မျိုးသက်၊ အင်္ဂလိပ်စာဘာသာရပ် ထူးချွန်ဆုရ ဒုတိယရဲအုပ်လောင်း ညီညီဇင်နှင့် ဥပဒေ ဘာသာရပ်ထူးချွန်ဆုရ ဒုတိယရဲအုပ်လောင်း ဇော်မျိုးသက်တို့ကို ဆုများပေးအပ်ချီးမြှင့်သည်။

 

ထို့နောက် ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်က သင်တန်းဆင်း ဒုတိယရဲအုပ်လောင်းများအနေဖြင့် တပ်ဖွဲ့ အသီးသီးတွင် ခေါင်းဆောင်ငယ်များအဖြစ် စတင်တာဝန်ထမ်းဆောင်ကြရမည့် သူများဖြစ်သည့်အတွက် ခေါင်းဆောင်မှုအင်္ဂါရပ်(၁၆)ရပ်နှင့်အညီ မိမိလက်အောက်ကို ကွပ်ကဲအုပ်ချုပ် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ရည်မှန်းချက်တာဝန်(၄)ရပ်ဖြစ်သည့် ပြည်တွင်းလုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ မူးယစ် ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရေးတို့ကို အလေးထားပြီး အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း၊ ရဲတပ်ဖွဲ့ဝင်များသည် ပြည်တွင်း လုံခြုံရေးကို နောင်တော်တပ်မတော်နှင့်အတူ ဆောင်ရွက်နေကြတာဖြစ်သည့်အတွက် လုံခြုံရေးအသိ၊ လုံခြုံရေး သတိဖြင့် လုံခြုံရေးကျိုး ပေါက်မှုများမရှိစေရေး အလေးထားကြပ်မတ်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ရပ်ရွာ အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးသည် အဓိကကျသောကြောင့် ပြည်သူလူထုအတွင်း ကိုယ်ချင်းစာ တရားနှင့် စေတနာတို့ထားရှိကာ ကောင်းမွန်သောဝန်ဆောင်မှုဖြင့် မှုခင်းအသိပညာပေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ပြီး ပြစ်မှုတိုက်ဖျက်ရေး ဆိုင်ရာလုပ်ငန်းစဉ်များကို ဥပဒေနှင့်အညီ ဘက်ပေါင်းစုံမှ ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

 

မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်ကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းလက်တွဲ၍  မူးယစ်ဆေးဝါးပပျောက် သည်အထိ တားဆီးကာကွယ်ရေး၊ စုံစမ်းဖော်ထုတ်အရေးယူရေး လုပ်ငန်းများကို အရှိန်အဟုန်မြင့်ဆောင်ရွက်သွား ကြရန်နှင့် လူမှုရေးလုပ်ငန်းများ၊ ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေး လုပ်ငန်း များနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများကိုလည်း စိတ်အားထက်သန်စွာဖြင့် တက်တက်ကြွကြွပါဝင် ဆောင်ရွက်ကြ ရမည်ဖြစ်ကြောင်း။

 

ရဲတပ်ဖွဲ့ဝင်တိုင်း စွမ်းရည်ပြည့်ဝထက်မြက်နေစေရန်အတွက် “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ” ဆိုသည့် လေ့ကျင့်ရေး မှုဝါဒနှင့်အညီ ပြောင်းလဲတိုးတက်လာသည့် ရဲလုပ်ငန်းစနစ်များ၊ စစ်နည်းဗျူဟာများနှင့် စစ်အတတ်ပညာများကို စဉ်ဆက်မပြတ်လေ့လာ နေဖို့လိုအပ်ကြောင်း၊ တပ်ဖွဲ့ဝင်အားလုံး လေ့ကျင့်သားပြည့်ဝနေစေရန် တပ်ဖွဲ့အလိုက် တစ်ဦးချင်းကိုင်တွယ်ရမည့် လက်နက်နှင့် ရဲတပ်ဖွဲ့သုံးကိရိယာများကို ကျွမ်းကျင်ပိုင်နိုင်ရေး လိုအပ်သည့် လေ့ကျင့်မှု များကို စဉ်ဆက်မပြတ်ဆောင်ရွက် နေရမည်ဖြစ်ကြောင်း၊ ဆန်းသစ် ပြောင်းလဲတိုးတက်နေမှုနှင့်အညီ လိုက်ပါ ဆောင်ရွက်နိုင်ရန် အင်္ဂလိပ်ဘာသာစကား အပါအဝင် အခြားဘာသာစကားများ၊ ကွန်ပျူတာ၊ အင်တာနက်၊ နည်းပညာဆိုင်ရာ ပညာရပ် များကိုလည်း ပိုမိုတိုးတက်ကျွမ်းကျင်အောင် စဉ်ဆက်မပြတ် ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ အမျိုးသမီးရဲအရာရှိများအနေဖြင့်လည်း မိမိတို့ရောက်ရှိ တာဝန်ထမ်းဆောင်ကြရမည့် လက်တွေ့နယ်ပယ်တွင် လေ့ကျင့်သင်ကြား ပျိုးထောင်ပေးလိုက်သည့် ပညာရပ်များကို အခြေခံပြီး လက်တွေ့ဘဝ နှင့် ပေါင်းစပ်အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့သင်တန်း ကျောင်းများက သင်ကြားလေ့ကျင့်ပေးမှုများနှင့် ကိုယ်တိုင်အားထုတ်မှုများက ရရှိလာတဲ့လေ့လာ၊ လေ့ကျင့်မှုများကို သင်တန်း ကာလအတွက်သာမဟုတ်ဘဲ စဉ်ဆက်မပြတ်လိုက်နာကျင့်သုံးသွားကြရန် အလေးနက်ထား မှာကြားလို ကြောင်း ပြောကြားသည်။

 

အဆိုပါ ဒုတိယရဲအုပ်လောင်း သင်တန်းအမှတ်စဉ်(၁၁၅) ရဲသူရတပ်ခွဲတွင် တပ်တွင်းဘွဲ့ရအမျိုးသား (၁၉၉)ဦး၊ တပ်တွင်းဘွဲ့ရအမျိုးသမီး (၁၄၂)ဦး စုစုပေါင်း (၃၄၁)ဦးတို့ကို သင်တန်းဆင်းပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)