နေပြည်တော်  ၇  ဇူလိုင် 

 

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဉီးကျော်လင်းသည် ယမန်နေ့က  ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ပန်းတနော်-ရွှေလောင်း-ဝါးခယ်မ လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးပြီး အဆိုပါလမ်း မိုင် (၂၁/ဝ) ရှိ ရွှေလောင်းတံတား အဆင့်မြှင့်တင်ခြင်း လုပ်ငန်းခွင်အတွင်း ကြည့်ရှုစစ်ဆေးသည်။ 

 

ရွှေလောင်းတံတားသည် ယခင်ကြိုးဆိုင်းတံတားအဟောင်း ပေ(၁၉၀ဝ) အရှည်၏ အပေါ်ထည်များကို ပြန်လည်ဖြုတ်သိမ်း၍ ရေလယ်တိုင်(၂)တိုင် တည်ဆောက်ပြီး၊ Steel Box Girder များဖြင့် သံကူကွန်ကရစ်ကြမ်းခင်း (၂)လမ်းသွားတံတားအဖြစ် အဆင့်မြှင့်တင်နေရာ ယခုအခါတံတား (၁)စင်းလုံး၏ (၁၇ ရာခိုင်နှုန်း) ပြီးစီးနေပြီဖြစ်သည်။ 

 

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဝါးခယ်မတံတား အဆင့်မြှင့်တင်ခြင်း လုပ်ငန်းခွင်အား ကြည့်ရှုစစ်ဆေးသည်။ 

 

ဝါးခယ်မတံတားသည် ယခင် ကြိုးဆိုင်းတံတားအဟာင်း ပေ (၃၀၂၀) အရှည်၏ အပေါ်ထည်များကို ဖြုတ်သိမ်း၍ ရေလယ်တိုင်(၂)တိုင်အသစ်စိုက်ထူပြီး Steel Box Girder များဖြင့် သံကူကွန်ကရစ် ကြမ်းခင်း (၂)လမ်းသွား တံတားအဖြစ် အဆင့်မြှင့်တင် တည်ဆောက်နေရာ တံတား (၁)စင်းလုံး၏ (၁၈ ရာခိုင်နှုန်း) ပြီးစီးနေပြီဖြစ်သည်။

 

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အိမ်မဲ-ဝါးခယ်မ လမ်းရှိ တည်ဆောက် ရေးအဖွဲ့ (၂) မှ တာဝန်ယူ တည်ဆောက်နေသော ကျွန်းကုန်းတံတား တည်ဆောက်ရေး လုပ်ငန်းခွင်သို့ ရောက်ရှိပြီး လုပ်ငန်းပြီးစီးမှုနှင့် ကျွန်းကုန်းကြိုးတံတားအဟောင်း၏ ကြံ့ခိုင်မှု အခြေအနေများအား ကြည့်ရှုစစ်ဆေးသည်။  ကျွန်းကုန်းကြိုးဆိုင်း တံတားအဟောင်း၏ ဘေးတွင် တံတားအသစ်တည်ဆောက်လျက်ရှိရာ အရှည်(၇၈၇)ပေ (၅)လက်မ၊ အကျယ်(၁၈)ပေ ဘိုးပိုင်အုတ်မြစ်၊ အောက်ထည် သံကူကွန်ကရစ်၊ အပေါ်ထည် သံမဏိသံပေါင် ယက်မနှင့် ကွန်ကရစ်ကြမ်းခင်း    (၂)လမ်းသွားတံတား အမျိုးအစားဖြစ်ပြီး ယခုဘဏ္ဍာရေးနှစ် ရရှိရန်ပုံငွေ ၏ လုပ်ငန်းများ (၁၀ဝ ရာခိုင်နှုန်း) ပြီးစီးနေပြီး တံတား(၁)စင်းလုံး၏ (၁၅ ရာခိုင်နှုန်း) ပြီးစီးနေကြောင်း သိရသည်။    

 

(သတင်းစဉ်)