နေပြည်တော်  ၁၂   မေ 

 

ဆောက်လုပ်ရေးဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဉီးကျော်လင်းသည် မေ ၁၀  ရက် ညနေပိုင်းတွင် ကော့သောင်းမြို့အနီးရှိ ပုလုံးတုံးတုံး တံတားတည်ဆောက်ရေးစီမံကိန်းအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 

ရှေးဦးစွာ တံတားရှင်းလင်းဆောင်တွင် တံတားဉီးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဉီးနေအောင်ရဲမြင့်က တံတားအုတ်မြစ်နှင့် တံတားပုံစံကို မြေပြင်အခြေအနေနှင့် ကိုက်ညီအောင် ရေးဆွဲခဲ့မှုနှင့် ပင်လယ်လှိုင်းဒဏ် ၊ ငလျင်ဒဏ်ခံနိုင်ရန် ပုံစံထုတ်လုပ် ခဲ့မှုအခြေအနေများကိုလည်းကောင်း၊ တံတားတည်ဆောက်ရေးအဖွဲ့ (၄)မှ ညွှန်ကြားရေးမှူး (မြို့ပြ)  ဉီးကျော်မျိုးထွန်းက တံတားတည်ဆောက်ရေးလုပ်ငန်းအစီအစဉ်နှင့် ပြီးစီးမှု အခြေအနေ၊ လုပ်ငန်းအရည်အသွေးစစ်ဆေးမှု ၊ ရန်ပုံငွေရရှိမှုနှင့် ထပ်မံလိုအပ်မှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြသည်။ ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့က တံတားပြီးစီးမှုအခြေအနေများကို တံတားရှင်းလင်းဆောင်မှ ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများဆောင်ရွက်ရာတွင် လုပ်ငန်းအရည်အသွေး (QC) စစ်ဆေးရေးလုပ်ငန်း များကို စနစ်တကျဆောင်ရွက်ပြီး အရည်အသွေးပြည့်မီရေး ဉီးစားပေး ဆောင်ရွက်ရန်၊ ပင်လယ်ရေ နှင့်  ထိစပ်နေသော တံတားဆောက်လုပ်မှုအပိုင်းဖြစ်သည့် အတွက် Construction Materials များတွင် ဆားဓါတ်ပါဝင်မှုမရှိစေရေး သေချာစွာ စိစစ်အသုံးပြုရန်နှင့် Concrete လောင်းရာတွင် လည်း Chloride Test ကို အမြဲတမ်းဆောင်ရွက်သွားကြရန် မှာကြားသည်။

 

ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မေ ၁၁ ရက်တွင် မြိတ် - ကော့သောင်းလမ်း မိုင်တိုင် အမှတ် (၂၂၆/၄) နှင့် (၂၂၆/၅) ကြား စက်ယန္တရားများဖြင့် ကတ္တရာကွန်ကရစ်လမ်းခင်းနေမှု၊ မိုင်တိုင်အမှတ် (၁၇၂/၆) အနီး ကျောက်ကြီးချောင်း (၁၃၀ ပေ) သံကူကွန်ကရစ်တံတား တည်ဆောက်နေမှု ၊ လေညာ - ရတနာပုံ လမ်း (၂၄ ) ပေအကျယ် ကွန်ကရစ်လမ်းခင်းခြင်း နှင့် (၆ ဒသမ ၂) ကီလိုမီတာနှင့် (၆ ဒသမ ၃)ကီလိုမီတာကြား ပေ (၆၀)အရှည် သံကူ ကွန်ကရစ်တံတား တည်ဆောက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။ 

 

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မြိတ် - ကော့သောင်းလမ်း မိုင် (၄၉/၄) အနီးရှိ (၄၄၀)မီတာ အရှည်ရှိသော တနင်္သာရီတံတားတည်ဆောက်ရေးစီမံကိန်းသို့ ရောက်ရှိခဲ့ကြရာ တံတားရှင်းလင်းဆောင်တွင် တံတားဉီးစီးဌာနမှ  ဒုတိယညွှန်ကြားရေး မှူးချုပ်  ဉီးနေအောင်ရဲမြင့်နှင့် တံတားတည်ဆောက်ရေးတာဝန်ခံ ညွှန်ကြားရေးမှူး(မြို့ပြ) ဉီးကျော်မျိုးထွန်းတို့က တံတားဒီဇိုင်းပုံစံထုတ်လုပ်ခဲ့မှု ၊ တံတားဆိုင်ရာအချက်အလက်များ၊ လုပ်ငန်းစီမံချက်နှင့် ပြီးစီးမှုအခြေအနေများအား ရှင်းလင်းတင်ပြကြသည်။ 

 

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တံတားရှင်းလင်းဆောင်မှ တံတား တည်ဆောက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းများဆောင်ရွက် ရာတွင် ရန်ပုံငွေအလေအလွင့် ဆုံးရှုံးမှုမရှိအောင် ဆောင်ရွက်ကြရန်၊ လုပ်ငန်းအရည် အသွေးပြည့်မီကောင်းမွန်စွာ ဆောင်ရွက်ကြရန်နှင့် တံတားကြီးပြီးစီးသွားပါက တံတားဟောင်းမှ ဆယ်တင်ရရှိသော တံတားဘေလီဘောင်များကို တိုင်းဒေသကြီး အတွင်းရှိ ကျေးလက်လမ်းဖွံ့ဖြိုးရေးဉီးစီးဌာနက ဆောင်ရွက်နေသော ကျေးရွာနေပြည်သူ အများစု အကျိုးပြုစေမည့် ကျေးလက်လမ်းများပေါ်တွင် ရွှေ့ပြောင်းအသုံးပြုသွားကြရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

 

(သတင်းစဉ်)