နေပြည်တော် ဩဂုတ် ၁၆
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ယနေ့ နံနက် ၈ နာရီက မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်သို့ သွားရောက်၍ လုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ရှင်းလင်းခန်းမဆောင်၌ ကျောင်းအုပ်ကြီးက တည်ဆောက်ရေးလုပ်ငန်းများ၊ နိုင်ငံ တကာစံနှုန်းများနှင့်အညီ လေ့ကျင့်သင်ကြားပို့ချနေမှု၊ လက်ရှိလုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအမံများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက တည်ဆောက်ရေး ကိစ္စရပ်များ ဆောင်ရွက်ရာတွင် သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ခိုင်ခံ့စွာတည်ဆောက်သွားရန်၊ ဘဏ္ဍာငွေကိစ္စရပ်များနှင့် ပတ်သက်၍ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်သွားရန်၊ သင်ရိုးညွှန်းတမ်းများကို ခေတ်စနစ်နှင့်အညီ ရေးဆွဲသင်ကြားသွားရန်၊ လုံခြုံရေးနှင့် ကျန်းမာရေး ကိစ္စရပ်များကို မိသားစုများအပါအဝင် အစဉ်အမြဲ ဂရုပြုနေထိုင်သွားကြရန် မှာကြားခဲ့ပြီး ဆရာ/ ဆရာမများနှင့် ဝန်ထမ်းများကို စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် သင်တန်းသားများစားရိပ်သာ၌ အရာရှိလောင်း ဒီပလိုမာသင်တန်းသားများနှင့်အတူ ရင်းရင်းနှီးနှီး နေ့လယ်စာသုံးဆောင်သည်။ ယင်းနောက် ဒုတိယဝန်ကြီးသည် စားရိပ်သာချက်ပြုတ်သည့်နေရာတွင် သန့်ရှင်းမှုရှိစေရေး၊ သင်တန်းသား လက်တွေ့လေ့ကျင့်သည့် ရေကူးကန်နေရာ၊ သင်တန်းသားများ၏ Gym ကစားသည့်နေရာ၌ အားကစား ပစ္စည်းများထားရှိမှုနှင့် တည်ဆောက်ပြီးသည့် (၄)ခန်းတွဲ၊ (၆)ထပ် ၀န်ထမ်း အိမ်ယာတို့အား ကြည့်ရှု့စစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် မြန်မာ့သင်္ဘောကျင်းလုပ်ငန်းသို့ သွားရောက်ကြည့်ရှု့ စစ်ဆေး ပြီး အစည်းအဝေးခန်းမတွင် ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက မြန်မာ့သင်္ဘောကျင်း လုပ်ငန်း၏ ရေယာဉ်တည်ဆောက်ခြင်းနှင့် ပြုပြင်ခြင်းဆိုင်ရာကိစ္စများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို ဆွေးနွေးပေါင်းစပ်ညှိနှိုင်းပေးခဲ့ပြီး အရာထမ်း၊ အမှုထမ်းများ အား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။ ဆက်လက်ပြီး ဒုတိယဝန်ကြီးသည် တန်ချိန် ၁၂၀၀၀ ရေလုံလွန်းကျင်း၌ မြန်မာ့ကြယ်ငါးပွင့်သင်္ဘော လုပ်ငန်းမှ MV ဥသာရေယာဉ် လွန်းတင်ထားမှု၊ ရေလုံလွန်းကျင်းနှင့် ဆက်စပ်လုပ်ငန်းများအခြေအနေ၊ ရေယာဉ်ပြုပြင်ရေးအလုပ်ရုံ တို့ကို ကြည့်ရှု့စစ်ဆေး၍ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)