ရန်ကုန် နိုဝင်ဘာ ၂၃
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ငမိုးရိပ်ချောင်း သောင်တူးလုပ်ငန်း ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ဒုတိယဝန်ကြီးသည် သောင်တူးသင်္ဘောကြီးများဖြင့် လုပ်ငန်းဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှု စစ်ဆေးကာ လုပ်ငန်းများ သတ်မှတ်ချိန်အတွင်း ပြီးစီးရေး၊ သောင်တူးဖော်ခြင်းကြောင့် ကမ်းပြိုကမ်းစားမှုများ မဖြစ်ပွားစေရေး၊ လုပ်ငန်းခွင်အန္တရာယ် မဖြစ်စေရေး (Safety First) ဂရုစိုက် ဆောင်ရွက်ကြရန် မှာကြားသည်။
၂၀၂၃ ခုနှစ် အောက်တိုဘာ လဆန်းတွင် မိုးရွာသွန်းမှု များပြားခြင်းကြောင့် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ဒဂုံမြို့သစ် (အရှေ့ပိုင်း)၊ (မြောက်ပိုင်း) မြို့နယ်များ၊ မြောက်ဥက္ကလာပ မြို့နယ်နှင့် တောင်ဥက္ကလာပ မြို့နယ်တို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သဖြင့် ရေကြီးရေလျှံမှု လျော့နည်းသက်သာစေရေးအတွက် ငမိုးရိပ်ချောင်း သောင်တူးဖော်ခြင်းလုပ်ငန်းကို ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနတို့ ပူးပေါင်း၍ နိုဝင်ဘာ (၁၂)ရက်မှ စတင်ဆောင်ရွက်လျက်ရှိသည်။
ငမိုးရိပ်ချောင်း ရေကြီးရေလျှံမှု လျော့နည်းစေရေး သောင်တူးခြင်းလုပ်ငန်းကို ငမိုးရိပ်ရေထိန်းတံခါးမှ ငမိုးရိပ်ချောင်းဆုံအထိ အလျား(၂၃၀၀)ပေနှင့် ငမိုးရိပ်ချောင်းအတွင်း အလျားပေ (၁၀၀၀၀)ကို ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးရုံးမှ ဆောင်ရွက်လျက်ရှိပြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရွှေပေါက္ကံတံတားမှ အထက်ဘက် စုစုပေါင်း အလျားပေ (၂၅၀၀၀)၊ အောက်ခြေအကျယ်ပေ(၁၀၀)၊ တူးဖော်မည့်ပမာဏ (၆၇၂၇၁၀) ကုဗမီတာကို နိုင်ငံတော်ပိုင် သောင်တူးသင်္ဘောကြီး (၂)စင်းဖြင့် နိုဝင်ဘာ ၁၂ ရက်မှစ၍ တူးဖော်ဆောင်ရွက်လျက်ရှိရာ ယခုအခါ အလျားပေ (၁၂၅၀)ခန့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်