ရန်ကုန် နိုဝင်ဘာ ၂၂

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးရှိ ဒလသင်္ဘောကျင်းသို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် ဒလသင်္ဘောကျင်း အင်ဂျင်နီယာမှူးကြီးက သင်္ဘောကျင်း၏ လုပ်ငန်းဆောင်ရွက်မှု၊ ဆက်လက် အကောင်အထည်ဖော်မည့် လုပ်ငန်းများနှင့် ရှေးဟောင်းသမိုင်းဝင် ဒီဇယ်ရုံ အဆောက်အဦအား ရှေးမူမပျက် ပြန်လည်ပြင်ဆင်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ယခုအခါ လမ်းပန်းဆက်သွယ် ရေးကောင်းမွန်လာသည့်အတွက် ပြည်သူများအနေဖြင့် ကုန်းလမ်းခရီးကို အသုံးများလာကြသော်လည်း ပြည်တွင်းရေကြောင်းပို့ဆောင်ရေး အနေဖြင့် သယ်ယူပို့ဆောင်ရေးစရိတ် သက်သာသော ရေလမ်းခရီးဖြင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများကို တိုးချဲ့လုပ်ကိုင် သွားနိုင်အောင် ကြိုးပမ်းဆောင်ရွက်ကြရန်၊ ရေယာဉ်များ ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် ခုတ်မောင်းသွားလာနိုင်ရေးအတွက် လွန်းတင်ပြင်ဆင်မူများကို ပုံမှန်ဆောင်ရွက်သွားရန် မှာကြားပြီး ဒလသင်္ဘောကျင်း၌ ရေယာဉ်ပြင်ဆင်နေမှု၊ စက်ရုံ၊ အလုပ်ရုံ၊ လွန်းလမ်းများနှင့် ရှေးဟောင်းသမိုင်းဝင် ဒီဇယ်ရုံအဆောက်အဦအား ရှေးမူမပျက် ပြန်လည်ပြင်ဆင် နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် ပြည်တွင်းရေကြောင်းပို့ဆောင်ရေး (ရုံးချုပ်) သို့ ရောက်ရှိပြီး ရေယာဉ်ဝန်ထမ်းများနှင့် တွေ့ဆုံကာ လုပ်ငန်းတာဝန်များ ကျေပွန်စွာ ထမ်းဆောင်ရေးနှင့် ဝန်ထမ်းသက်သာချောင်ချိရေးအတွက် ဆောင်ရွက်ပေးနေသည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် မြန်မာ့သင်္ဘောကျင်းလုပ်ငန်းသို့ သွားရောက် ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အချိန်ဇယားများ စနစ်တကျ ရေး ဆွဲပြီး ဆောင်ရွက်သွားကြရန်၊ လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရန်၊ ကျွမ်းကျင်လုပ်သား များ စဉ်ဆက်မပြတ်ရရှိရန်နှင့် လုပ်ငန်းများ အောင်မြင်အောင် ပူးပေါင်းဆောင်ရွက်ကြ ရန် မှာကြားကာ တန်ချိန် ၁၂၀၀၀ ရေလုံလွန်းကျင်း၌ လွန်းတင်ပြင်ဆင်နေသည့် လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေနှင့် အလုပ်ရုံများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်