ရန်ကုန် မတ် ၁ 
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ ဗဟိုလေကြောင်းထိန်းသိမ်းမှုကွပ်ကဲရေးစင်တာနှင့် လေကြောင်းထိန်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။ 
စစ်ဆေးစဉ် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ Air Traffic Management Centre - ATMC အစည်းအဝေးခန်းမ၌ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက လေကြောင်းထိန်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်သွားမည့် အခြေအနေများနှင့် ပတ်သက်၍ ရှင်လင်းတင်ပြသည်။
ယင်းနောက် ဒုတိယဝန်ကြီးက လိုအပ်ချက်ရှိသည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး လေကြောင်းလုပ်ငန်းသည် မိမိနိုင်ငံ၏ လေပိုင်နက်ကို ဖြတ်ကျော်ပျံသန်းလျှက်ရှိသော ခရီးသည်/ ကုန်စည်တင်ဆောင်ပျံသန်းလျှက်ရှိသော လေယာဉ်ကြီးများ၊ မိမိနိုင်ငံအတွင်းရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ်များသို့ ဆင်းသက်/ ထွက်ခွါမည့် လေယာဉ်/ ရဟတ်ယာဉ်များ ဘေးအန္တရာယ်ကင်းရှင်းစွာနှင့် လုံခြုံစိတ်ချစွာ ဆောင်ရွက်နိုင်ရေးအတွက် ၂၄ နာရီပတ်လုံး ဝန်ဆောင်မှုပေးနေရသည့်အတွက် အဓိကအရေးပါပြီး နိုင်ငံတော်ဘဏ္ဍာအတွက် နိုင်ငံခြားငွေရရှိရေး ဆောင်ရွက်ပေးနေရသောကြောင့် ဂုဏ်ယူရမည့်လုပ်ငန်းတစ်ရပ်ဖြစ်ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင်လည်း သတ်မှတ်ပြဌာန်းချက်များနှင့်အညီ ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ လေကြောင်းထိန်းဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားပြီး ယုံကြည်မှုအပြည့်ဖြင့် လေကြောင်းထိန်းသိမ်းနိုင်ရေးအတွက် နိုင်ငံတော်ဘဏ္ဍာငွေဖြင့် ဝယ်ယူဖြည့်တင်းပေးထားသော SCANSIM 3D Tower Simulator နှင့် Area Control Simulator များဖြင့် စဉ်ဆက်မပြတ် လေ့ကျင့်သင်ကြားသွား ရမည်ဖြစ်ကြောင်း မှာကြားသည်။    
ထို့နောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဗဟိုလေကြောင်းထိန်းသိမ်းမှုကွပ်ကဲရေးစင်တာရှိ SCANSIN 3D SIMULATOR လေ့ကျင့်ဆောင်ရွက်နေမှု အခြေအနေများ၊ Area Control Center ရှိ လေကြောင်းထိန်းသိမ်းရေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ဗဟိုလေကြောင်းထိန်းသိမ်းမှုကွပ်ကဲရေးစင်တာနှင့် လေကြောင်းထိန်းတာဝါတွင် တာဝန်ထမ်းဆောင်နေကြသော လေကြောင်းထိန်းဝန်ထမ်းများကို ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ ဂုဏ်ပြုလက်ဆောင်များပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်