နေပြည်တော် ဇန်နဝါရီ ၄
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော်သည် ဝန်ကြီးဌာနအသီးသီးမှ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ပြည်ထောင်စုနယ်မြေရှိ အထက (၈) အခြေခံပညာ အထက်တန်းကျောင်း အားကစားကွင်း၌ ကျင်းပသည့် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲနှင့် အားကစား ပြိုင်ပွဲများကို တက်ရောက်ကြည့်ရှုအားပေးသည်။
ဉီးစွာ ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများသည် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဦးဆောင်ဝန်ကြီးဌာနအဖြစ် တာဝန်ယူပြီး ပြည်ထောင်စုလွှတ်တော်ရုံး၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ရုံး၊ ဉပဒေရေးရာဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည့်သူ့အင်အား ဝန်ကြီးဌာနတို့မှ အထောက်အကူပြု ဆောင်ရွက်သည့် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲ အခမ်းအနားကျင်းပသည့် နေပြည်တော်၊ ပြည်ထောင်စုနယ်မြေရှိ အထက (၈) အခြေခံပညာ အထက်တန်းကျောင်းသို့သွားရောက်ကာ ပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲများအနက် (ကျား/မ) မီတာ(၁၀၀) အပြေးပြိုင်ပွဲယှဉ်ပြိုင်နေမှု၊ ထုပ်ဆီးတိုးပြိုင်ပွဲ ယှဉ်ပြိုင်နေမှု၊ ဘော်လီဘောအားကစား ယှဉ်ပြိုင်နေမှုအပါအဝင် အခြားသောအားကစား ပွဲစဉ် (၂၁) ပွဲကို ကြည့်ရှု အားပေးခဲ့ကြပြီး အနိုင်ရရှိသည့် အသင်းသားများကို ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ဆုများချီးမြှင့်၍ အားပေး စကားများပြောကြားသည်။
(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲများတွင် အာလူးကောက် ပြေးပြိုင်ပွဲ (ကျား/မ)၊ မုန့်စားပြိုင်ပွဲ (ကျား/မ)၊ ပူဖောင်းဖောက်ပြိုင်ပွဲ (ကျား/မ)၊ ဂုံနီအိတ်စွပ် အပြေးပြိုင်ပွဲ (ကျား/မ)၊ အပ်ချည်ထိုးပြေးပြိုင်ပွဲ (ကျား/မ)၊ ခြေပူးပြေးပြိုင်ပွဲ (ကျား/မ)၊ အလျားခုန်ပြိုင်ပွဲ (ကျား/မ)၊ ဖယောင်းတိုင် မီးထွန်းပြိုင်ပွဲ (ကျား/မ)၊ မီတာ(၁၀၀) အပြေးပြိုင်ပွဲ (ကျား/မ)၊ ဘော်လီဘောပြိုင်ပွဲနှင့် ထုပ်ဆီးတိုးပြိုင်ပွဲများတို့ဖြင့် ကျောင်းသား၊ ကျောင်းသူများအားလုံး ပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။
သတင်းစဉ်