မန္တလေး ဒီဇင်ဘာ ၁၆

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော် သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်ရှိ ၃၃/၁၁ ကေဗွီ, ၁၀ အမ်ဗွီအေ အောင်ဆန်းဓာတ်အားခွဲရုံအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာက ဓာတ်အားခွဲရုံဆိုင်ရာ အချက် အလက်များနှင့် ဓာတ်အားဖြန့်ဖြူးပေးနေမှု အခြေအနေကို ရှင်းလင်းတင်ပြရာ  ဒုတိယဝန်ကြီး က ဓာတ်အားခွဲရုံကြံ့ခိုင်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ပုံမှန်ထိန်းသိမ်း စစ်ဆေး ဆောင်ရွက်သွားရန်မှာကြားပြီး မီးဘေးအန္တရာယ်ကာကွယ်ရေး ကြိုတင်ပြင်ဆင်ထားမှုကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် မိတ္ထီလာခရိုင် လျှပ်စစ်မန်နေဂျာရုံးသို့ ရောက်ရှိပြီး ရုံးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ငွေကောက်ကောင်တာတွင် မီးသုံးစွဲသူ ပြည်သူများ ဓာတ်အားခ လာရောက်ပေးဆောင်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ခရိုင်/မြို့နယ် လျှပ်စစ်မန်နေဂျာရုံး ဝန်ထမ်းများနှင့် တွေ့ဆုံပြီး ပြည်သူများ လျှပ်စစ်ဓာတ်အား အပြည့်အဝ ရရှိစေရေး ကြိုးပမ်းဆောင်ရွက်သွား ကြရန်၊ မီတာများ ပုံမှန်ဖတ်ရှုရေးနှင့် ဓာတ်အားခများ ပုံမှန်ကောက်ခံရရှိရေး အလေးထား ဆောင်ရွက်ကြရန်၊ ဓာတ်အားခငွေများ အလွဲသုံးစားမှု မဖြစ်ပေါ်စေရေးနှင့် အပြည့်အဝ ကောက်ခံရရှိရေး ကြပ်မတ်ဆောင်ရွက်သွားရန်၊ ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်း ရေး၊ ဓာတ်အားပြတ်တောက်မှု နည်းပါးစေရေးအတွက် ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများ ပုံမှန်ရှင်းလင်း ခုတ်ထွင်သွားရန်၊ ဓာတ်အားခွဲရုံရှိ ထရန်စဖော်မာနှင့် ဓာတ်အားလွှတ်ပစ္စည်းများကို ပုံမှန်စစ်ဆေး၍ ထိန်းသိမ်းပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက် ကြရန်၊ ထရန်စဖော်မာများ လောင်ကျွမ်းမှု မဖြစ်ပေါ်စေရေး ဝန်အားပြည့်နေသည့် ထရန်စဖော် မာများကို အချိန်မီ အစားထိုးလဲလှယ် တည်ဆောက်သွားရန်၊ မီးဘေးအန္တရာယ် ကြိုတင်ကာ ကွယ်ထားကြရန်၊ ပြည်သူများ လျှပ်စစ်အန္တရာယ် ကင်းရှင်းရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ကြရန် မှာကြားကာ ဝန်ထမ်းများ၏ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းပေး၍ ဝန်ထမ်းအိမ်ရာများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်