နေပြည်တော် ဇွန် ၈
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီးရှိ ၁၃၂ကေဗွီ တံခွန်တိုင်ပင်မဓာတ်အားခွဲရုံသို့ ရောက်ရှိစစ်ဆေးသည်။
ထိုသို့စစ်ဆေးစဉ် တာဝန်ရှိသူများက ဂိုဒေါင်အလိုက် ပစ္စည်းများ ထိန်းသိမ်းထားသိုမှု/ ထုတ်ပေးမှု အခြေအနေများကိုရှင်းလင်းတင်ပြကြရာ တင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီးက ဓာတ်အားပို့လွှတ်/ ဖြန့်ဖြူးရေးအတွက် ဝယ်ယူဖြည့်တင်းသောပစ္စည်းများ အလေအလွင့်မရှိအောင် စနစ်တကျထားသို ထိန်းသိမ်း/ သုံးစွဲသွားရမည်ဖြစ်ကြောင်း၊ နှစ်စဉ်ဆောင်ရွက်မည့်လုပ်ငန်းများအရ ပစ္စည်းလိုအပ်ချက်ကို လက်ကျန်စာရင်းများဖြင့် စိစစ်ပြီး စနစ်တကျဝယ်ယူဖြည့်တင်း၍ စိစစ်ထုတ်ယူသုံးစွဲခြင်းဖြင့် နိုင်ငံဘဏ္ဍာချွေတာရာရောက်ကြောင်း၊ ထို့ကြောင့်ပစ္စည်းများ ရရှိ/ ထုတ်ပေး/ သုံးစွဲ/ လက်ကျန် စာရင်းများကို စနစ်တကျ စာရင်းပြုစုပြီး လစဉ်ပြုစုတင်ပြကြရန်လိုကြောင်း၊ ဖြန့်ဖြူးရေးလုပ်ငန်းများတွင် သက်တမ်းလွန်သုံးစွဲခဲ့ပြီး လဲလှယ်ထွက်ရှိ ပစ္စည်းများကို လုပ်ထုံးလုပ်နည်းနှင့် အညီဆက်လက် ဆောင်ရွက်ကြရန်၊ နှစ်ချုပ်လက်ကျန် စာရင်းကောက်ယူမှု မှန်ကန်စေရေးဆောင်ရွက်ရန်၊ ထုတ်ယူသုံးစွဲ ထားသောပစ္စည်းများ အချိန်မီစာရင်းဖြောင့် ရှင်းလင်းဆောင်ရွက်ရန်မှာကြားကာ ဓာတ်အားခွဲရုံ၏ ဓာတ်အားထိန်းချုပ်ခန်းအတွင်းမှ ဓာတ်အား ပို့လွှတ်ဖြန့်ဖြူးပေးနေမှု၊ မြေပြင်ရှိပစ္စည်းများထိန်းသိမ်းထား သိုမှုအခြေအနေနှင့် တပ်ဆင်ရေးလုပ်ငန်း လုပ်ဆောင်နေသည့် ဓာတ်အားကွပ်ကဲရေးဌာန (မန္တလေး) အဆောက်အဦတို့ကို လိုက်လံကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ၂၃၀ ကေဗွီ မြောက်ပြင်ပင်မဓာတ်အားခွဲရုံသို့ရောက်ရှိပြီး ဓာတ်အားထိန်းချုပ်ခန်းအတွင်းနှင့် Switch Yard (ဆွိယာဒ်) အတွင်း ဓာတ်အားလွှတ်ပစ္စည်းများ၏ အခြေနေကို လိုက်လံကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားသည်။ ယင်းနောက်စီမံကိန်းမန်နေဂျာရုံး (၃) မန္တလေးတွင် ဝန်ထမ်းများနှင့်ရင်းရင်းနှီးနှီး တွေ့ဆုံကာ စီမံကိန်းမန်နေဂျာက ၂၀၂၄-၂၀၂၅ ဘတ်ဂျက်ပါ စီမံကိန်းလုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေကို ရှင်းလင်းတင်ပြရာတင်ပြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များမှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်ရှိ မြို့နယ်လျှပ်စစ်မန်နေဂျာရုံးများသို့ရောက်ရှိပြီး ပြည်သူများလစဉ်ဓာတ်အားသုံးစွဲမှုအတွက် ဓာတ်အားခ တောင်းခံလွှာများ အချိန်မီဖြန့်ဝေနိုင်ရေး လယ်ဂျာစာရင်းဖြင့် အဆင့်ဆင့်စစ်ဆေးဆောင်ရွက်နေမှုနှင့် ရုံးလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေနှင့် မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (ရုံးချုပ်) ရှိ Call Center မှ ဓာတ်အားဖြန့်ဖြူးမှုကို ကြီးကြပ်ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်