နေပြည်တော် ဒီဇင်ဘာ ၂၆
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့် နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဦးမြင့်စိုးတို့သည် ယနေ့မွန်းလွဲ ၁ နာရီက ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဇမ္ဗူသီရိ မြို့နယ်ရှိ နေပြည်တော် ခုတင် ၁၀၀၀ ပြည်သူ့ဆေးရုံကြီးတွင် ကျန်းမာရေးစစ်ဆေးမှု ခံယူနေသော နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော်ကြီး ၂ ပါး၊ နေပြည်တော်တိုင်း သံဃနာယက ဆရာတော်ကြီး ၁ ပါး၊ ထေရ်ကြီးဝါကြီး ဆရာတော်ကြီး ၂ ပါး၊ နေပြည်တော်တိုင်း ဘုန်းတော်ကြီး ပညာသင်ကြားမှုကြီးကြပ်ရေး ဆရာတော် ၁ ပါး၊ စုစုပေါင်း ဆရာတော်ကြီး ၆ ပါးနှင့် သီလရှင်ဆရာကြီး ၁ ပါးတို့အား သွားရောက် ဖူးမြော်ကြည်ညို၍ ဆရာတော်ကြီးများ၏ ကျန်းမာရေးစစ်ဆေးပေးမှုအတွက် တာဝန်ရှိသူများအား လိုအပ်သည်များ ကူညီစောင့်ရှောက်ပေးရန် မှာကြားသည်။
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသည် ကျန်းမာရေးဝန်ကြီးဌာနနှင့်ပူးပေါင်း၍ သံဃာ့ အဖွဲ့အစည်းဝင် ဆရာတော်ကြီးများ၊ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများနှင့် သီလရှင်ဆရာကြီး များအား တစ်နှစ်လျှင် အနည်းဆုံးတစ်ကြိမ် အခမဲ့ ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)


