နေပြည်တော် ဩဂုတ် ၂၅

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးထွန်းသည် ယနေ့ နံနက် ၉ နာရီခွဲတွင် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးကုန်းမြေရှိ သာသနာရေးဦးစီးဌာန၊ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး အကြီးစားပြင်ဆင်ဆောင်ရွက်ခြင်းလုပ်ငန်းများနှင့် ပြီးစီး မှုကို  ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ လိုဏ်ဂူတော်ကြီး၏ ဓာတ်လှေကားအသစ် ပြောင်းလဲတပ်ဆင် နေမှု၊ လေအေးပေး စက် Compressor အသစ်များ လဲလှယ်တပ်ဆင်နေမှု၊ အသံထိန်းနံရံ ပြင်ဆင်မှု၊ Wiring Line ပြုပြင်မှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ရေရှည်တည်တံ့ ခိုင်ခံ့ရေး၊ ရှေးမူမပျက်ဆောင်ရွက်ရေးနှင့် သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက် ကြရန် မှာကြားခဲ့သည်။
    
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ကမ္ဘာအေးကုန်းမြေရှိ သာသနာရေးဦးစီးဌာန၊ ဆဋ္ဌ သံဂါယနာတင် မော်ကွန်းပြတိုက်ကြီး ပြုပြင်ဆောင်ရွက်နေမှုလုပ်ငန်းကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းများ သတ်မှတ်ချက်အတိုင်း ဆောင်ရွက်ရေး၊ ရေရှည်ခိုင်ခံ့တည်တံ့စေရေးနှင့် အချိန်မီပြီးစီးအောင် ဆောင်ရွက်ရေး၊ သမိုင်းဝင် အဆောက်အဦဖြစ်သည့်အတွက် ရှေးဟောင်း လက်ရာ ပန်းချီ ပန်းပုများ ပျက်စီးမှုမရှိစေရေး၊ အရည်အသွေး ပြည့်ဝအောင် ဆောင်ရွက်ရေး တို့ကို မှာကြားသည်။
    
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် ကမ္ဘာအေးကုန်းမြေရှိ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီး ဌာန၊ ဝန်ကြီးရုံး(ရုံးခွဲ) အဆောက်အဦ ပြုပြင်မွမ်းမံဆောင်ရွက်မှုနှင့် ပုံနှိပ်ထုတ်ဝေရေး ဌာနခွဲ စက္ကူ ဂိုဒေါင်များ ပြုပြင်ဆောင်ရွက်မှုလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်း များ စနစ်တကျနှင့် အချိန်မီပြီးစီးရေး၊ ပျက်စီးဆုံးရှုံးမှုများမရှိစေရေး၊ အရည်အသွေးကောင်းမွန် သော သတ်မှတ်ပစ္စည်းများ သုံးစွဲဆောင်ရွက်ရေးတို့ကို အလေးထားဂရုပြုဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။ 

(သတင်းစဉ်)