ရန်ကုန်၊ အောက်တိုဘာ ၂၀
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ အရှေ့တောင်အာရှ ဒေသလုံးဆိုင်ရာ အော်သိုဒေါ့ ခရစ်ယာန်ဘုန်းတော်ကြီး His Eminence Metropolitan Sergyi ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက် ၁၀နာရီတွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန (ရန်ကုန်)ရုံးခွဲ ဧည့်ခန်းမ၌တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက မြန်မာနိုင်ငံတွင်ဆောက်လုပ်မည့် ရုရှားအော်သိုဒေါ့ဘုရားကျောင်း အဆောက်အဦ ဆောက်လုပ်ရန်ကိစ္စ၊ စိန့်ပီတာစဘတ်မြို့တွင် မြန်မာယဉ်ကျေးမှု စင်တာအတွက် မြေနေရာရရှိရန် ဆောင်ရွက်ပေးရေးနှင့် မြန်မာနှင့် ရုရှားနှစ်နိုင်ငံအကြား ယဉ်ကျေးမှုနှင့် ဘာသာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်(စီမံ)၊ ရန်ကုန်တိုင်း သာသနာရေးမှူးနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
သတင်းစဉ်