နေပြည်တော်၊ အောက်တိုဘာ ၂၆

 

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးထွန်းသည် သာသနာရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် နေပြည်တော် သာသနာရေးမှူးရုံးမှ တာဝန်ရှိသူများနှင့်အတူ ယနေ့ မွန်းတည့် ၁၂ နာရီတွင်  ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ရှိ ရာဇဓာနီ သာမဏေကျော် ကျောင်းတိုက်မှ သံဃာတော် ၃၁ ပါးနှင့် ဝဇိရာနန္ဒသုဗောဓာရုံ ကျောင်းတိုက်မှ သံဃာတော် ၃၄ ပါး စုစုပေါင်း သံဃာတော် ၆၅ ပါးတို့အား ဥတ္တရသီရိမြို့နယ်၊ ကုတင် ၅၀ ဆံ့ ပြည်သူ့ဆေးရုံအုပ်ကြီးနှင့်အဖွဲ့မှ  အသည်းရောင်အသားဝါ ရောဂါပိုး ရှိ/မရှိ စမ်းသပ်စစ်ဆေးပေးခြင်းနှင့် အသည်းရောင်အသားဝါ ဘီပိုး ကာကွယ်ဆေးထိုးနှံပေးနေခြင်းများကို ကြည့်ရှုအားပေးခဲ့ကြပြီး သံဃာတော်များအား ဘီပိုး ကာကွယ်ဆေးထိုးနှံခြင်းနှင့် ပတ်သက်၍ ကျန်းမာရေးဆိုင်ရာ သိကောင်းစရာများကို ရှင်းလင်းလျှောက်ထား ခဲ့ကြသည်။

 

mdn

 

ထို့အတူ နေပြည်တော်၊ ပျဉ်းမနားမြို့နှင့် လယ်ဝေးမြို့တို့ရှိ စာသင်တိုက်ကြီးများ၊ ဘုန်းတော်ကြီး ကျောင်းများနှင့် သီလရှင်ကျောင်းများမှ သံဃာတော်နှင့် သီလရှင်များကိုလည်း Mobile Team အဖွဲ့များက အသည်းရောင် အသားဝါရောဂါပိုး ရှိ/မရှိ စမ်းသပ် စစ်ဆေးပေးခြင်းနှင့် အသည်းရောင်အသားဝါ ဘီပိုး ကာကွယ်ဆေး ထိုးနှံပေးခြင်းများကို တစ်ချိန်တည်း တစ်ပြိုင်တည်း ဆောင်ရွက်ပေးလျက်ရှိသည်။         

 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ မြို့နယ် (၈) မြို့နယ်မှ သံဃာတော်နှင့် သီလရှင်များအား အသည်းရောင်အသားဝါ ဘီပိုးကာကွယ်ဆေးထိုးနှံခြင်းကို အောက်တိုဘာ ၂၅၊ ၂၆ ရက်တို့တွင် ပထမအကြိမ်အဖြစ်လည်းကောင်း၊ နိုဝင်ဘာ ၂၅၊ ၂၆ ရက်တို့တွင် ဒုတိယ အကြိမ်အဖြစ်လည်းကောင်း၊ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၅၊ ၂၆ ရက်တို့တွင် တတိယအကြိမ်အဖြစ်လည်းကောင်း သုံးကြိမ်အပြည့် အခမဲ့ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်