နေပြည်တော် အောက်တိုဘာ၂၀
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် ဆည်ရေလှောင်တမံများ၏ ကြံ့ခိုင်လုံခြုံမှုရှိရေးနှင့် စိုက်ပျိုးရေ အပြည့်အဝပေးဝေနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက် ရှိသကဲ့သို့ ဆည်ရေသောက်ဧရိယာအတွင်း ရေကိုအကျိုးရှိစွာ အသုံးချနိုင်ရေးနှင့် သီးထပ်စွမ်းအား မြှင့်တင်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများ၊ ဒေသခံတောင်သူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်ရှိ ဖြူးချောင်းရေလှောင်တမံ ရေသောက်ဧရိယာအတွင်း ယခင်နှစ်ကထက် နွေစပါးစိုက်ဧက တိုးချဲ့နိုင်ရေး၊ သီးထပ်တိုး မြှင့်စိုက်ပျိုးနိုင်ရေးနှင့် ရေအသုံးချသူများအဖွဲ့ (WUG) များနှင့် ဌာနဆိုင်ရာများ ပေါင်းစပ်၍ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရန် ကွင်းဆင်း ဆောင်ရွက်သည်။
ထိုမှတဆင့် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်ရှိ ငမိုးရိပ်ရေထိန်းတံခါး ရေထုတ်နုတ်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ငမိုးရိပ် ရေထိန်းတံခါး၏ မူလဒီဇိုင်း၏ ရေထုတ်နိုင်သည့် ပမာဏထက် များပြားသောရေများ ဝင်ရောက်လာပြီး ရေလျှံခြင်း ဖြစ်ပေါ်လျက်ရှိရာ ဒုတိယဝန်ကြီးက ငမိုးရိပ်ချောင်း ရေထိန်းတံခါး အောက်ပိုင်း ရေပိုမိုထုတ်နုတ်နိုင်ရေးအတွက် စီမံဆောင်ရွက်ရန် ထပ်မံတိုင်းတာ စီမံတွက်ချက်နိုင်ရေး လိုအပ်ချက်များကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။ ဆက်လက်၍ ချောင်းအတွင်း ရေစီးရေလာကောင်းရန် စက်ယန္တရားများဖြင့် နုန်းများစုပ်ယူနေမှုနှင့် ရေကြီးနစ်မြုပ်မှု လျော့ပါးစေရန် ငမိုးရိပ်ရေထိန်းတံခါးတွင် ပိတ်ဆို့နေသော ဒိုက်၊ ဗေဒါနှင့် အမှိုက်များ ရှင်းလင်းနေမှု၊ လှည်းကူးမြို့နယ်ရှိ ဆင်ဖုန် ရေထိန်းတံခါး ရေထုတ်နုတ်မှု အခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် စက်မှုလယ်ယာဦးစီးဌာန အမှတ် (၁) ပင်မ စက်ပြင်အလုပ်ရုံ (ကျိုက္ကလို့) ၏ လုပ်ငန်းဆောင်ရွက်နေမှုများနှင့် အမှတ် (၁) လယ်ယာသုံး စက်ကိရိယာသုတေသနလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဆွေးနွေးမှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန တည်ဆောက်ရေး (၉) အစည်းဝေးခန်းမ၌ ရန်ကုန်တိုင်းဒေသကြီး၏ လယ်ယာ ကဏ္ဍဆိုင်ရာ တာဝန်ရှိသူများကို တွေ့ဆုံ၍ ရန်ကုန်တိုင်းဒေသကြီး၏ စားရေရိက္ခာ ဖူလုံပိုလျှံရေး၊ လယ်ယာထွက်ကုန် အခြေခံကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးလာရေးအတွက် သက်ဆိုင်ရာဌာနများ၊ အဖွဲ့အစည်းများနှင့် ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်