နေပြည်တော်၊ ဒီဇင်ဘာ ၃

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် သည် ယမန်နေ့မွန်းလွဲပိုင်းက နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ်ရှိ စက်စက်ယို ရေလွှဲဆည် ထိန်းသိမ်းထားရှိမှုနှင့် စက်စက်ယို ချောင်းတစ်လျှောက် ရေကို ထပ်မံထိန်းသိမ်း သိုလှောင်နိုင်ရေး စီမံဆောင်ရွက်နိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များ‌  ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ ရာဇဌာနီလမ်းဘေး စက်စက်ယိုချောင်းပေါ်ရှိ ရေထိန်းရေမြှင့် အဆောက်အအုံနှင့် ရေတံခါးများကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပုဗ္ဗသီရိမြို့နယ် အေးမြင့်သာယာ ခေတ်မီစံပြကျေးရွာရှိ အေးချမ်းသာယာခန်းမတွင် ဆင်သေချောင်း လျှပ်စစ်ရေတင်သောက် တောင်သူများနှင့်တွေ့ဆုံ၍ သီးနှံအလိုက် ရေလိုအပ်ချက် အပြည့်အဝ ပေးဝေနိုင်ရေး၊ ဆောင်းသီးနှံ ရာသီချိန်အမီရနိုင်သမျှ ရေအရင်းအမြစ်များမှ ရေပေးဝေနိုင်ရန် စီမံဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် ဆောင်းသီးနှံ စိုက်ဧက တိုးချဲ့စိုက်ပျိုးနိုင်ရေး ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များ၊ ယာယီရေထိန်းဆည်နှင့် ရေသောက်စနစ်အတွင်းရှိ ရေပေးမြောင်း၊ ရေသွင်းမြောင်းများကို ဒေသနေ တောင်သူများက ဝိုင်းဝန်းထိန်းသိမ်းကြရန်၊ မိမိတို့ ရပ်ရွာတိုးတက်ရေးအတွက် တောင်သူ အစုအဖွဲ့များနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများ ပူးပေါင်း၍ သီးနှံစိုက်ပျိုးချိန် တူညီရေး၊ စိုက်ပျိုးရေ ရယူချိန်တူညီစေရေး စသည့်အခြေခံကောင်းများ ဖော်ဆောင်နိုင်ရေး ဆွေးနွေးသည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည့် ဆင်သေချောင်း လျှပ်စစ် ရေတင်လုပ်ငန်း၊ ရေငြိမ်ကန်နှင့် စိုက်ခင်းများအတွင်း ရေပေးဝေနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်