နေပြည်တော် ဖေဖော်ဝါရီ ၂၀
သာစည်မြို့နယ်အတွင်း ဖြစ်ပေါ်ခဲ့သည့် ရေကြီးရေလျှံမှုများကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စမုံရေထိန်းတမံအား ပြန်လည်ပြုပြင်တည်ဆောက်လျက်ရှိရာ ဖေဖော်ဝါရီ (၁၈)ရက်နေ့ မွန်းလွဲပိုင်းတွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် နှင့် တာဝန်ရှိသူများ ကွင်းဆင်း ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ဒုတိယဝန်ကြီးသည် တမံမြေဖို့ခြင်းလုပ်ငန်း၊ ရေစစ်သဲထည့်ခြင်းလုပ်ငန်း၊ တမံထိပ်ပြင်တွင် ရင်တားနံရံ တည်ဆောက်ခြင်းလုပ်ငန်း နှင့် အကူရေပိုလွှဲ အောက်ခံ အုတ်မြစ်တွင် ကွန်ကရစ်ပိုင်တိုင် ရိုက်သွင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှု ၊ ကန်ရေမှတ်များ လျှင်မြန်စွာ မြင့်တက်လာပြီး မူလဒီဇိုင်းပြု သတ်မှတ်ထားသည့် ရေကြီးနှုန်းပမာဏထက် ကျော်လွန်လာသည့် အရေးပေါ်အခြေအနေ တွင် ရေကျော် စီးထွက်စေမည့် အလျား ပေ(၅၀၀)ရှိ အကူရေပိုလွှဲ (Fuse Plug Spillway) ထည့်သွင်းဆောင်ရွက်နေမှု တို့ကို ကြည့်ရှုစစ်ဆေးပြီး မြေဖို့ခြင်းလုပ်ငန်းဆောင်ရွက်ရာတွင် တမံဖို့မြေ သတ်မှတ်ချက် ပြည့်မီသည့် မြေအမျိုးအစားဖြင့် စနစ်တကျ ဖို့ကြိတ်ဆောင်ရွက်ရန်နှင့် စိုက်ပျိုးရေ လုံလောက်စွာ ပေးဝေနိုင်ရေးအတွက် ဆည်ရေသောက် စနစ်များကို သေချာစွာစီမံ ဆောင်ရွက်ရန် တာဝန်ရှိသူများကို ဆွေးနွေးမှာကြားသည်။
စမုံရေထိန်းတမံပြန်လည်ပြုပြင်ခြင်းဖြင့် စမုံချောင်း၏ ရေစီးရေလာကိုထိန်းညှိ၍ သာစည်မြို့နယ်နှင့် ဝမ်းတွင်းမြို့နယ်များ အတွင်းရှိ စိုက်ပျိုးမြေဧရိယာများကို စိုက်ပျိုးရေ ပေးသွင်းခြင်းနှင့် ရေသောက်ဧရိယာ အတွင်းရှိ ကျေးရွာများ၏ သောက်သုံးရေကန်များကို ရေဖြည့်တင်းပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
ထိုမှတဆင့် ဒုတိယဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီးအတွင်း မြေအောက်တမံ ဆောင်ရွက်ရန်လျာထားသည့် နေရာရွေးချယ်ထားရှိမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ သာစည်မြို့နယ်၊ တောခင်းကျေးရွာအနီး ဆပ်ပြာချောင်း နေရာအားလည်းကောင်း၊ ပျော်ဘွယ်မြို့နယ်၊ ကျောက်ချပ်ကျေးရွာအနီး တမာကိုင်းချောင်း နေရာအားလည်းကောင်း၊ ရမည်းသင်းမြို့နယ်၊ ခံဘူးကျေးရွာအနီး ဝက်သိုးချောင်း နေရာအားလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား ထပ်မံစူးစမ်းရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။ ထို့နောက် ခံဘူးကျေးရွာရှိ တောင်သူပိုင် စက်ရေတွင်းများမှ ဆိုလာစနစ်ဖြင့် ရေတင်၍ စိုက်ခင်းအတွင်း ရေသွင်းစိုက်ပျိုးနေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်