နေပြည်တော်၊ ဇွန် ၁၀
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရေဆင်းရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာန အခြားနှံစားသီးနှံ သုတေသနဌာနစု စိုက်ကွင်း၌ စိုက်ပျိုးရေး သုတေသနဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ပူးပေါင်း၍ စပ်မျိုးပြောင်းသီးနှံ တစ်ဧက ပန်းတိုင်အထွက်နှုန်းရရှိရန် ရည်ရွယ်၍ မြေပြုပြင်သည်မှ ရိတ်သိမ်းသည်အထိ (Fully Mechanized) ဖြင့် စိုက်ပျိုးနေမှုကို ကြည့်ရှုအားပေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရေဆင်းရေလှောင်တမံ ရှင်းလင်းဆောင်သို့ ရောက်ရှိစဉ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးက ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ရေရရှိရေးနည်းလမ်းအလိုက် ၂၀၂၃-၂၀၂၄ ခုနှစ် မိုးစပါး၊ ဆောင်းသီးနှံနှင့် နွေစပါး၊ နွေသီးနှံ စိုက်ပျိုးပြီးစီးမှု အခြေအနေများကို လည်းကောင်း၊ ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါး စိုက်ပျိုးရေပေးဝေမည့် အခြေအနေကို လည်းကောင်း ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ပြောင်းလဲလာသော ရာသီဥတု ဖြစ်စဉ်များကြောင့် စိုက်ပျိုးရေ ပြတ်လပ်မှုမရှိစေရေးနှင့် ရရှိနိုင်သမျှသော ရေအရင်းအမြစ် သစ်များ စူးစမ်းရှာဖွေဖော်ထုတ်နိုင်ရေး၊ တစ်နှစ်လျှင်သုံးသီး စိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးရေ အလေအလွင့် မရှိပေးဝေနိုင်ရန် ရေလှည့်စနစ်များဖြင့် စနစ်တကျ ပေးဝေနိုင်ရေး အတွက် ဆက်စပ်ဌာနများ အားလုံးပူးပေါင်းပါဝင်၍ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဇေယျာသီရိမြို့နယ် သစ်တပ်အုပ်စု ကြို့ပင်ရေမြှင့် ရေထိန်း အဆောက်အအုံအနီး၌ နွေနှမ်းစိုက်ပျိုးလျက်ရှိသော ဒေသခံတောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး ဒုတိယဝန်ကြီးက သီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး စိုက်နည်းစနစ်များနှင့် လိုက်နာဆောင်ရွက်ရမည့် အချက်များကို ဆွေးနွေးပြောကြားပြီး နွေနှမ်းစိုက်ခင်းများကို ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
Breaking News


