နေပြည်တော် အောက်တိုဘာ၂၃

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် တာဝန်ရှိသူများသည် အောက်တိုဘာ ၂၁ ရက် နံနက်ပိုင်းတွင် ဟင်္သာတမြို့နယ်၊ မြို့ကွင်း လျှပ်စစ်မြစ်ရေတင်လုပ်ငန်းအား ကြည့်ရှုစစ်ဆေးပြီး  တောင်သူများ ဈေးကွက်ဝင် ဈေးကောင်းရသည့် သီးနှံမျိုးများ ပြောင်းလဲအသုံးပြုနိုင်ရေး၊ ခေတ်မီစိုက်ပျိုးနည်းစနစ်များ ကျင့်သုံးဆောင်ရွက်နိုင်ရေးနှင့် နွေစပါးအပါအဝင် အခြားဆောင်းသီးနှံနှင့် နွေသီးနှံ များ အတွက် စိုက်ပျိုးရေ အသုံးပြုနိုင်ရေး အစီအမံများကို တာဝန်ရှိသူများကို ဆွေးနွေး မှာကြားသည်။

 

ယင်းနောက် ဒုတိယဝန်ကြီးသည် ဟင်္သာတမြို့နယ် ငဝန်တာ မိုင် ၁၃/၆ (မြို့ကွင်းတာ)၏ မိုးရာသီ မြစ်ရေ တက်ရောက်မှု၊ ရေဘေးကာကွယ်မှု အခြေအနေများ ကြိုတင်ပြင် ဆင်ထားရှိမှုကိုကြည့်ရှုစစ်ဆေးပြီး သတ်မှတ် တာထိပ်အမြင့် ပြည့်မီအောင်နှစ်အလိုက် ဦးစားပေးအစီအစဉ်များ ရွေးချယ်ပြုပြင်သွားရန်နှင့် ရေဘေးကာကွယ်ရေး တာများ ထိန်းသိမ်းခြင်းများကို တာတမံဥပဒေနှင့်အညီ စနစ်တကျ ဆောင်ရွက်သွားကြရန် လိုအပ်ချက်များ၊ တာကျိုးပေါက်မှုဆိုင်ရာ အရေးပေါ် အခြေအနေနှင့်ပတ်သက်၍ ပညာပေးလုပ်ငန်းများအား ဒေသခံပြည်သူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားကြရန် တာဝန် ရှိသူများကိုဆွေးနွေးမှာကြားသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ဟင်္သာတမြို့နယ်၊ ရဲကွင်းကျေးရွာရှိ တောင်သူ ဦးညွှန့်ဦး၏ ဒေသမျိုး ငါးသား ပေါက် မွေးမြူနေမှုကို ကြည့်ရှုအားပေးသည်။

 

ထို့နောက် အမှတ်(၁၅) စက်မှုလယ်ယာစခန်း(ဟင်္သာတမြို့)နှင့် အမှတ်(၂) အလတ်စား စက်ပြင်အလုပ်ရုံတို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ဒုတိယဝန်ကြီးက တောင်သူ မိသားစုဝင်များနှင့် စိတ်ဝင်စားမှု ရှိသော ဒေသခံလူငယ်များအတွက် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု ကျွမ်းကျင်ရေး သင်တန်းများ တိုးမြှင့်  ပို့ချပေးနိုင်ရေး၊ ကျွမ်းကျင်ဝန်ထမ်းများတိုးပွားရေးအတွက် ဝန်ထမ်းဖွဲ့စည်းပုံအရ အင်အားပြည့် ခန့်ထား နိုင်ရေးနှင့် စွမ်းဆောင်ရည်မြှင့် လေ့ကျင့်မွေးထုတ်ရန် လိုအပ်ချက်များ၊ လယ်ယာဝန်ဆောင်မှုအသင်းများ ပိုမို အားကောင်းလာစေ‌ရေးအတွက် သက်ဆိုင်ရာဌာနများက ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာ ကြားသည်။

 

ထိုမှတဆင့် ဒုတိယဝန်ကြီးသည် ကျုံပျော်မြို့နယ်၊ မြေရဲတောင် ကျေးရွာအုပ်စု တောင်သူဦးတင်ရှိန်၏ မိုးစပါး မျိုးစေ့ထုတ်စိုက်ခင်း၊   ကျောင်းကုန်မြို့နယ်၊ ကောက်ကြီးကုန်း လျှပ်စစ်မြစ်ရေတင် ရေသောက်မိုးစပါးစိုက်ကွင်းနှင့် အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာ မိုးစပါးစံပြစိုက်ကွင်းတို့ကို ကြည့်ရှုစစ်ဆေးသည်။

 

ညနေပိုင်းတွင် ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် သည် ပုသိမ်မြို့ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ဧရာဝတီတိုင်းဒေသကြီး  ခရိုင်၊ မြို့နယ်အဆင့် လယ်ယာကဏ္ဍဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ဆည်ရေရရှိနိုင်သော နေရာများအပါအဝင် ရေရရှိနိုင်သောနေရာများတွင် သီးထပ်စွမ်းအား တိုးမြှင့် စိုက်ပျိုးနိုင်ရေး၊ ယခင်ဆားငန်ရေဝင်ရောက်မှုကြောင့် အထွက်နှုန်းလျော့ကျသောနေရာများတွင် စိုက်ပျိုးရေး သုတေသနဦးစီးဌာနက ကွင်းဆင်းစစ်ဆေးပြီး  ဆားငန်ဒဏ်ခံနိုင်ရည်ရှိသည့် သီးနှံမျိုးများ ပြောင်းလဲပေးရန်၊ ဆားငန်ရည်ဝင်ရောက်မှုမှ ကာကွယ်နိုင်သည့် နည်းလမ်းများကို ပေါင်းစပ်အဖြေရှာ၍  ပန်းတိုင်အထွက်နှုန်းရရှိရေး ဆောင်ရွက်ရန်၊ ရာသီဥတုပြောင်းလဲလာကြောင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍများတွင် ကြုံတွေ့နိုင်သည့် အခက်အခဲများအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရန် ကိစ္စရပ်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)