နေပြည်တော် စက်တင်ဘာ ၁၄
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက ကလောမြို့နယ်ရှိ အင်းခေါင်းဆည် (ဟဲဟိုးကန်) ၏ ဝင်ရေသိုလှောင်ထားရှိမှုနှင့် ဆည်ရေသောက်ဧရိယာအတွင်း စိုက်ပျိုးရေ အကျိုးပြုနေမှုကို ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ စစ်ဆေးစဉ် ဒုတိယဝန်ကြီးက စိုက်ပျိုးသည့်သီးနှံအလိုက် ရေလိုအပ်ချက်အပေါ်မူတည်၍ စိုက်ပျိုးရေ အလေအလွင့်မရှိပေးဝေနိုင်ရေး၊ ရေအလေအလွင့်မရှိစေရန်နှင့် စိုက်ပျိုး သည့်သီးနှံများ အထွက်နှုန်းကောင်းမွန်စေရေးအတွက် စိုက်ပျိုးရေပေးဝေရေးလုပ်ငန်းများကို စနစ်တကျ စီမံဆောင်ရွက်သွားရန်မှာကြားပြီး အင်းခေါင်းဆည် (ဟဲဟိုးကန်)၏ ဝင်ရေသိုလှောင်ထားရှိမှုနှင့် ရေမှော်ဆယ်ယူနေမှုကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် စိုက်ပျိုးရေးဦးစီးဌာန မိုးစပါးမျိုးစေ့ထုတ်(၁၀)ဧက စိုက်ခင်းကို ကြည့်ရှုစစ် ဆေးပြီး မျိုးစေ့လွှမ်းခြုံနိုင်ရေးအတွက် အကျိုးဆောင်တောင်သူများနှင့်ပူးပေါင်း၍ မြို့နယ်အလိုက် မျိုးကောင်း၊ မျိုးသန့်မျိုးစေ့ထုတ်ဇုန်များပြုလုပ်၍ မျိုးစေ့ထုတ်ကြရန်လိုကြောင်း မှာကြားသည်။
ထိုမှတဆင့် ရွှေညောင်မြို့ အမှတ်(၈၅) စက်မှုလယ်ယာထွန်စက်စခန်း၊ ကုန်းမြင့် လယ်ယာမြေ ဖော်ထုတ်ရေးစီမံကိန်းရုံံးနှင့် အမှတ်(၈) အလတ်စားစက်ပြင်အလုပ်ရုံတို့ကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက လယ်ယာသုံးစက်ကိရိယာအမျိုးမျိုး စမ်းသပ်သုတေသန ပြုလုပ်ခြင်းနှင့် ကွင်းဆင်းသရုပ်ပြဆောင်ရွက်ရာတွင် ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးမှုများကို မှတ်တမ်းတင် ဗီဒီယိုရိုက်ကူး၍ တောင်သူများကို မိုလ်ဘိုင်းဖုန်းမှတဆင့် ပြန်လည်ဖြန့်ဝေပေးနိုင်ရေး ဆောင်ရွက်ရန်မှာကြားပြီး စက်ကိရိယာများ ထိန်းသိမ်းထားရှိမှုအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တောင်ကြီးမြို့ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနရုံး၌ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ရှမ်းပြည်နယ်၏ စားရေရိက္ခာ ဖူလုံပိုလျှံရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်