နေပြည်တော်၊ ဖေဖော်ဝါရီ ၁၉

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ယမန်နေ့ နံနက်ပိုင်းတွင်  မိတ္ထီလာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ခရိုင်၊ မြို့နယ် စိုက်ပျိုးရေး ညှိနှိုင်းမှုအဖွဲ့များနှင့် တွေ့ဆုံသည်။

 

တွေ့ဆုံစဉ်ဒုတိယဝန်ကြီးက မိတ္ထီလာလွင်ပြင် စိမ်းလန်းစိုပြည်ရေး၊ စိုက်ပျိုးရေရရှိရေးအတွက်  နည်းလမ်း ပေါင်းစုံဖြင့် ကြိုးစားဆောင်ရွက် ပေးလျက်ရှိကြောင်း၊ နှမ်းသီးနှံအထွက်နှုန်း တိုးတက်ရေးနှင့်ပတ်သက်၍ စံပြစိုက်ခင်း ပြုလုပ်မည့်နေရာများရွေးချယ်ပြီး စိုက်ပျိုးရာတွင် အောင်မြင်ဖြစ်ထွန်း‌ရေးအတွက် သက်ဆိုင်ရာ ဌာနများနှင့် တောင်သူများပူးပေါင်း ဆောင်ရွက်ကြရန်လိုကြောင်း၊ သီးနှံအထွက်နှုန်း တိုးတက်ကောင်းမွန်ရေး သည် စက်ကိရိယာ သုံးစွဲနိုင်မှုနှင့် ဆက်စပ်နေသောကြောင့် မိတ္ထီလာခရိုင်အတွင်း လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု သင်တန်းများ ဖွင့်လှစ်ခြင်း၊ တောင်သူပညာပေး သရုပ်ပြပွဲများ ပြုလုပ်ခြင်းနှင့်  ပုဂ္ဂလိက စက်မှုလယ်ယာ ဝန်ဆောင်မှုအသင်းများ အားကောင်းလာစေရေးအတွက် ဌာနနှင့်ပုဂ္ဂလိက ဝန်ဆောင်မှု အသင်းများ ပူးပေါင်းဆောင်ရွက် သွားကြရန်လိုကြောင်း ပြောကြားသည်။

 

ဆက်လက်၍ မိတ္ထီလာခရိုင်စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့ဥက္ကဌ၊ အဖွဲ့ဝင်များနှင့် ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက မိတ္ထီလာလွင်ပြင် စိမ်းလန်းစိုပြည်ရေး၊ စိုက်ပျိုးရေရရှိရေး၊ တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

 

ထို့နောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် သာစည်မြို့နယ်၊ ချောက်ခွဲကျေးရွာ၌ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှ ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်သည့်  ၄လက်မစက်ရေတွင်း တူးဖော်မည့်နေရာကို ကြည့်ရှုစစ်ဆေးပြီးလုပ်ငန်းပြီးစီးပါက နွေနှမ်းစံပြ စိုက်ကွက်များ အထွက်နှုန်းပိုမိုကောင်း စေရန်နှင့် တောင်သူအစုအဖွဲ့တွင် ညီညွတ်မျှတစွာ ရေရယူသုံးစွဲနိုင်ရေးအတွက် ရေခွဲဝေသုံးစွဲမည့်စနစ်ကို သေချာစီမံ ဆောင်ရွက်ပေးသွားကြရန် မှာကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)