နေပြည်တော် ဖေဖော်ဝါရီ ၂၇
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် တာဝန်ရှိသူ များနှင့်အတူ ယနေ့နံနက်ပိုင်းက မကွေးမြို့နယ် စိုက်ပျိုးရေးသုတေသနဦးစီးဌာန ဒေသသုတေသန ဗဟိုဌာနခြံ၏ သုတေသနလုပ်ငန်းများနှင့် စံပြကွက်များကို ကြည့်ရှုစစ်ဆေးပြီး သုတေသနရလဒ်များကို တောင်သူ့လက်ဝယ်အရောက်ပေးပို့ပြီး လက်တွေ့လိုက်နာကျင့်သုံးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များ၊ သီးနှံအလိုက် ရေသွင်းနည်းစနစ်အမျိုးမျိုး အသုံးပြု၍ အထွက်နှုန်း အပေါ် အကျိုးသက်ရောက်မှုကို သုတေသနပြုလေ့လာဖော်ထုတ်ပေးနိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို တာဝန်ရှိသူများအား မှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် မကွေးမြို့ သဖန်းဆိပ်လျှပ်စစ်မြစ်ရေတင်လုပ်ငန်းကို ကြည့်ရှုစစ်ဆေးပြီး ရေသွင်း၍ စပါးနှင့်အခြားသီးနှံများ သီးထပ်တိုးချဲ့စိုက်ပျိုးနိုင်ရေးပန်းတိုင်အထွက် ရရှိစေရေး၊ ဒေသ ရေမြေနှင့် သင့်တော်သည့်သီးနှံမျိုးနှင့် စိုက်နည်းစနစ်များ ပြောင်းလဲအသုံးပြုနိုင်ရေး၊၊ တောင်သူတစ်ဦး ချင်း၏ ဝင်ငွေတိုးတက်စေရေးအတွက် သက်ဆိုင်သူအားလုံး ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ကြရန်နှင့် လျှပ်စစ်ရေတင်လုပ်ငန်းများပိုမို ဆောင် ရွက်နိုင်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးမှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် မကွေးမြို့ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနရုံး အစည်း အဝေးခန်းမ၌ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့်တွေ့ဆုံ၍ မိုးနည်းရေရှားရပ်ဝန်းဒေသဖြစ်သည့် မကွေးတိုင်းဒေသကြီးအတွင်း သီးထပ်စွမ်းအား တိုးတက်ရေးနှင့် သီးနှံစုံပန်းတိုင်အထွက်နှုန်းရရှိစေရေး အတွက် ရရှိနိုင်သည့်ရေချို အရင်းအမြစ်များကို ရှာဖွေဖော်ထုတ်အသုံးပြုနိုင်ရေးနှင့် ဒေသ၏ အသားငါး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာဦးစီးဌာနများ ပူးပေါင်းလုပ်ဆောင်ကြရန် ဆွေးနွေးပြောကြား သည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ခရီးစဉ်အတွင် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းဝေးခန်းမ၌ သွားရောက် တွေ့ဆုံ၍ အဓိကသီးနှံများ ပန်းတိုင်အထွက်ရရှိရေး၊ သီးထပ်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ဆီထွက်သီးနှံများတိုးချဲ့စိုက်ပျိုးရေး၊ အရည်အသွေးမြင့် ကော်ဖီစိုက်ဧကများ တိုးချဲ့နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)