နေပြည်တော်  စက်တင်ဘာ   ၂၄

 

အယ်နီညိုရာသီဥတု သက်ရောက်မှုကြောင့် မိုးရွာသွန်းမှုများ လျော့နည်းလာပြီး ဆည်ရေလှောင်တမံများအတွင်း ရေဝင်ရောက်မှု နည်းပါးလာခြင်း၊ အပူချိန် ပိုမိုမြင့်တက်လာမှုကြောင့် ဆည်ရေသောက်ဧရိယာများ၏ စိုက်ပျိုးရေလိုအပ်ချက် ပုံမှန်ထက်မြင့်မားလာခြင်းတို့ကြောင့် စိုက်ပျိုးရေ ချွေတာသုံးစွဲရေးနှင့် ရေချိုအရင်းအမြစ်များ လေလွင့်ဆုံးရှုံးမှု လျော့ပါးသက်သာစေရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာနများနှင့် တောင်သူများအားလုံး ပူးပေါင်းဆောင်ရွက်ကြပြီး  စိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းများ အရှိန်အဟုန်မပျက် ကြိုးပမ်းသွားကြရန်လိုကြောင်း ယမန်နေ့ နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဆည်ရေသောက်စနစ်များ ကြည့်ရှုစစ်ဆေးစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် က ပြောကြားသည်။

 

ရဦးစွာ ဒုတိယဝန်ကြီးသည် ပုဗ္ဗသီရိမြို့နယ်ရှိ စက်စက်ယိုရေလွှဲဆည်မှ စိုက်ပျိုးရေ‌‌ပေးဝေနေမှုနှင့် ဆင်သေချောင်း မှရေကို ကြံဖိုစုကျေးရွာအနီး လျှပ်စစ်ရေတင်လုပ်ငန်းဖြင့် စိုက်ပျိုးရေ‌‌ပေးဝေနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များကို မှာကြားသည်။

 

အလားတူ ပျဉ်းမနားမြို့နယ် ဆင်သေကျေးရွာအနီး ငလိုက်ဆည်ရေသောက်စနစ်ပြင်ပရှိ ရေသောက်ဧရိယာများအား ပေါင်းလောင်းမြစ်မှ ရေကူဖြည့်သွင်းခြင်းလုပ်ငန်းခွင်ကို ကြည့်ရှုစစ်ဆေးပြီး ဌာနဆိုင်ရာများ ဒေသခံ တောင်သူများနှင့်တွေ့ဆုံ၍ တစ်နှစ်ပတ်လုံး သီးထပ်စိုက်ပျိုးထုတ်လုပ်လိုကြသည့် ဒေသနေတောင်သူများ၏ စိုက်ပျိုးရေ လိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရေး၊ စိုက်ပျိုးရေချွေတာနိုင်မည့် သီးနှံပုံစံဖော်ဆောင်နိုင်ရေးနှင့် ရေပေး သွင်းမှုဆိုင်ရာ အသိပညာပေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရန် လိုအပ်ချက်များ၊ ရေအသုံးချသူများအဖွဲ့ (WUG) အဖွဲ့များအား စိုက်ပျိုးထုတ်လုပ်သည့် ကွင်းဆက်တလျှောက်လုံးတွင် အင်အားကောင်းသော အစုအဖွဲ့များအနေဖြင့် လှုပ်ရှားလာကြစေရေး ဆွေးနွေးပြောကြားသည်။

 

ထိုမှတဆင့် ဒုတိယဝန်ကြီးသည် လယ်ဝေးမြို့နယ်ရှိ ဝက္ကမူရာဘာရေလွှဲဆည်၏ မိုးစပါးစိုက်ပျိုးရေပေးဝေနေမှုကို ကြည့်ရှုစစ်ဆေးပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ စိုက်ပျိုးမွေးမြူ‌ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များ၊ သဘောဆန္ဒညီညွတ်ကြသည့် တောင်သူများ ပူးပေါင်းပါဝင်သော လယ်ယာ ကုန်ထုတ်အသင်းအဖွဲ့များ စုဖွဲ့ဆောင်ရွက်၍ စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်သည့် လုပ်ငန်းကြီးများ ထူထောင် ဆောင်ရွက်ရန် တိုက်တွန်းပါကြောင်းနှင့် တည်ဆဲဥပဒေစည်းမျဉ်း စည်းကမ်းများနှင့်အညီ လုပ်ကိုင်နိုင်ကြစေရန် မိမိတို့ဝန်ကြီးဌာနက ကူညီပံ့ပိုးပေးသွားမည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)