နေပြည်တော်၊ ဒီဇင်ဘာ၂၄

 

ရှမ်းပြည်နယ် (အရှေ့ပိုင်း) စိုက်ပျိုးမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ပန်းတိုင်အထွက်နှုန်း ရရှိစေရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဒီဇင်ဘာ (၂၁) ရက် ညနေပိုင်းက ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်၊ ပြည်နယ်ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ  တက်ရောက်၍ စားရေရိက္ခာ ဖူလုံရေး၊ ဆန်စပါးအပါအဝင်  သီးနှံစုံစိုက်ပျိုး ထုတ်လုပ်မှု မြှင့်တင်နိုင်ရေးနှင့် သား ငါး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် လုပ်ငန်းစဉ်များ၊ စိုက်ပျိုး ရေရရှိစေရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးကြသည်။

 

ဒုတိယဝန်ကြီးသည် ဒီဇင်ဘာ၂၂ရက် နံနက်ပိုင်းတွင် ကျိုင်းတုံမြို့နယ်၊ ယန်းလော ကျေးရွာအုပ်စု၊ ကျိုင်းဖောင်းရွာ ချောင်းဘေးဝဲယာများတွင် စိုက်ပျိုးရေရရှိရေးအတွက် နေ‌ရောင်ခြည်သုံး ဆိုလာစနစ်ဖြင့် နန့်ခင်ချောင်းမှ ချောင်းရေတင်ခြင်းလုပ်ငန်း ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များ ဆွေးနွေးမှာကြားသည်။

 

ဆက်လက်၍ ကျိုင်းတုံမြို့၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန (ရေအရင်းအမြစ်) ရုံး အဆောက်အဦ တည်ဆောက်ထားရှိမှုကိုလည်းကောင်း၊ ဆည်မြောင်း နှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန (ခရိုင်ရုံး) ဝန်ထမ်းအိမ်ရာကို လည်းကောင်း ကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက် ဒုတိယဝန်ကြီးသည် ကျိုင်းတုံမြို့ စိုက်ပျိုးရေး သုတေသနခြံ၏ လယ်မြေများ ရေကြီးရေလျှံမှု ကာကွယ်နိုင်ရန် နမ့်တင်ချောင်း ပြန်လည်တူးဖော်ခြင်းလုပ်ငန်းနှင့် သုတေသနစိုက်ကွင်းများ စိုက်ပျိုးရေရရှိရေး ရေပေးအဆောက်အအုံနှင့် မူလမြေသား ရေပေးမြောင်းကို အုတ်စီရေပေးမြောင်း အဆင့်မြှင့်တင် ဆောင်ရွက်ခြင်းလုပ်ငန်း၊ စိုက်ပျိုးရေး သုတေသနခြံအတွင်း ကုန်းမြင့် လယ်ယာ (၄) ဧက ဖော်ထုတ်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဆွေးနွေးမှာကြားသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ကျိုင်းတုံမြို့နယ်၊ မိုင်းဇင်းကျေးရွာအုပ်စု နမ့်ကွတ်ရေလွှဲဆည် ကိုလည်းကောင်း၊ ပန်ကုလားကျေးရွာရှိ စက်မှုလယ်ယာဦးစီးဌာန၊ အမှတ် (၂) ကုန်းမြင့်ဒေသ လယ်ယာမြေ ဖော်ထုတ်ရေးစီမံကိန်းရုံးက တာဝန်ယူဆောင်ရွက်လျက်ရှိသော ကုန်းမြင့်လယ်ယာမြေ ဧက (၁၀၀) ဖော်ထုတ်ရေး စီမံကိန်းရှေ့တန်းစခန်းကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ဒေသခံတိုင်းရင်းသား တောင်သူများအားတွေ့ဆုံ၍ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိပဲ ရေရှည်တည်တံ့သော စိုက်ပျိုးထုတ်လုပ်မှုစနစ် ကျင့်သုံးရန် လိုအပ်ချက်များ၊ ကုန်းမြင့်လယ်ယာကို အခြေခံ၍ နှစ်သီးစားသီးနှံပုံစံသို့ ပြောင်းလဲ စိုက်ပျိုး နိုင်မှုအခြေအနေကို ခင်မင်ရင်းနှီးစွာဆွေးနွေးပြောကြားသည်။

 

ထို့နောက် ကျိုင်းတုံမြို့နယ်၊ လွယ်မွေကျေးရွာအုပ်စု၊ လွယ်မွေကန်‌ရေပိုလွှဲ ရေတံခါးတပ်ဆင်ခြင်း၊ ရေမှတ်တိုင်စိုက်ခြင်းလုပ်ငန်း၊ တာချီလိတ်ခရိုင် မိုင်းဖြတ်မြို့နယ်ရှိ အမှတ် (၉၂) စက်မှုလယ်ယာစခန်းခွဲနှင့် ဖိုင်ပါကွေ့ရေတံခါး ပြုပြင်တည်ဆောက်ခြင်း လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များ ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်