စစ်တွေ ၂၇ သြဂုတ်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး Mr. Ichiro Maruyama တို့သည် ဂျပန်သတင်းမီဒီယာအဖွဲ့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် မောင်တောမြို့သို့ ရောက်ရှိကြပြီး ၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်အတွင်း UEHRD အစီအစဉ်ဖြင့် မိမိဆန္ဒအလျှောက် တစ်ဖက်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာခဲ့သည့် နေရပ်စွန့်ခွာသူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဒုတိယဝန်ကြီး ဦးစိုးအောင်က မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူညီချက်အရ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ သြဂုတ် ၂၂ ရက်တွင် နေရပ်စွန့်ခွာသူများ ပြန်လည်ဝင်ရောက်မည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက အကြောင်းကြားလာသည့်အတွက် မြန်မာနိုင်ငံဘက်မှ တာဝန်ရှိသူများက အသင့်စောင့်ဆိုင်းခဲ့သော်လည်း ပြန်လည်ဝင်ရောက်လာခဲ့ခြင်းမရှိပါကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးက မိမိဆန္ဒအလျှောက် ပြန်လည်ဝင်ရောက်လာကြသည့် နေရပ်စွန့်ခွာသူများ၏ အခက်အခဲ၊ လိုအပ်သည့် အကူအညီများ၊ တစ်ဖက်နိုင်ငံတွင် ရောက်ရှိနေကြသည့် နေရပ်စွန့်ခွာသူများ၏ အခြေအနေများကို သိရှိလိုပါကြောင်း၊ ဂျပန်အစိုးရအနေဖြင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ဆောင်ရွက်ပေးသွားရန် ရှိပါကြောင်း ပြောကြားသည်။
ထို့နောက် မိမိဆန္ဒအလျှောက် ပြန်လည်ဝင်ရောက်လာသည့် နေရပ်စွန့်ခွာသူများက မိမိတို့ ပြန်လည်ဝင်ရောက်လာမှုကို မြန်မာနိုင်ငံက လက်ခံပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ တစ်ဖက်နိုင်ငံရှိ ဒုက္ခသည်စခန်းသည် လုံခြုံမှုမရှိကြောင်း၊ တစ်ဖက်နိုင်ငံတွင်ကျန်ခဲ့သည့် မိမိတို့၏ မိသားစုဝင်များနှင့် ဆွေမျိုးများသည် ပြန်လာချင်သော်လည်း ARSA အကြမ်းဖက်အဖွဲ့၏ နှောင့်ယှက်မှု၊ ခြိမ်းခြောက်မှုများကို ခံနေရကြောင်း၊ မိမိတို့ မောင်တောဒေသသို့ ပြန်လည်ဝင်ရောက်ရာတွင်လည်း ARSA အကြမ်းဖက်အဖွဲ့များ မသိအောင် ထွက်ပြေးလာခဲ့ခြင်းဖြစ်ကြောင်း၊ ယခု အလုပ်အကိုင် အခွင့်အလမ်း အခက်အခဲရှိသည့်အတွက် နေထိုင်စားသောက်ရေးကိစ္စရပ်များတွင် အခက်အခဲဖြစ်ပေါ်နေကြောင်း၊ ပြန်လည်နေရာချထားရာတွင် မူလလုပ်ကိုင်စားသောက်ခဲ့သည့် နေရာနှင့် အနီးစပ်ဆုံးတွင် ချထားပေးစေလိုကြောင်းနှင့် ကလေးငယ်များ၏ ပညာသင်ကြားရေး၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့် ရိက္ခာရရှိရေးကိစ္စရပ်များကို တင်ပြကြသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးနှင့် ဂျပန်သတင်းမီဒီယာအဖွဲ့သည် တောင်ပြိုလက်ဝဲ ပြန်လည်လက်ခံရေးစခန်းသို့ ရောက်ရှိကြပြီး နေရပ်စွန့်ခွာသူများအား ပြန်လည်စိစစ်လက်ခံရန် အသင့်ဖြစ်နေမှု၊ စတင်ဝင်ရောက်မည့် ဂိတ်၊ စခန်းအတွင်း စိစစ်လက်ခံရေးလုပ်ငန်းများ ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များ၊ လုံခြုံရေး ဆောင်ရွက်သွားမည့် အခြေအနေ၊ ကျန်းမာရေး စောင့်ရှောက်မှုပေးရန်နှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများ၊ အထောက်အပံ့များပေးနိုင်ရန် ဆောင်ရွက်ထားမှု အခြေအနေများကို လှည့်လည်ကြည့်ရှုပြီး တာဝန်ထမ်းဆောင်နေကြသည့် ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများကို အားပေးစကားပြောကြားသည်။
ထို့နောက် လှဖိုးခေါင်ကြားစခန်းသို့ ရောက်ရှိကြပြီး နေရပ်စွန့်ခွာသူများ နေထိုင်ရန်အတွက် အသင့်ဖြစ်နေသည့် Modular House များ၊ Assemble Board House များ၊ သောက်သုံးရေ၊ မိလ္လာနှင့် ဆေးခန်းများ တည်ဆောက်တပ်ဆင်ထားမှုများကို ကြည့်ရှုကြသည်။
ညနေပိုင်းတွင် ဒုတိယဝန်ကြီး၊ ဂျပန်သံအမတ်ကြီးနှင့် ဂျပန်သတင်းမီဒီယာအဖွဲ့သည် တပ်မတော်ရဟတ်ယာဉ်ဖြင့် စစ်တွေမြို့သို့ ပြန်လည်ရောက်ရှိကြသည်။
ဒုတိယဝန်ကြီး ဦးစိုးအောင်၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးနှင့် ဂျပန်သတင်းမီဒီယာအဖွဲ့၏ မောင်တောခရီးစဉ်တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ တာဝန်ရှိသူများ လိုက်ပါခဲ့ကြပြီး တာဝန်ရှိသူများက ဂျပန်သတင်းမီဒီယာအဖွဲ့၏ သိရှိလိုသောမေးခွန်းများကို ပြန်လည်ဖြေကြားခဲ့ကြသည်။
သတင်းစဉ်


