ရန်ကုန် စက်တင်ဘာ ၂၄
တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကရင်၊ ဇိုမီး(ချင်း)၊ ဥပ်ပူး(ချင်း)၊ မွန်၊ ရခိုင်၊ ရှမ်း၊ ကိုးကန့်၊ စသည့် တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှု အသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ တိုင်းရင်းသားလူမျိုးများ ရေးရာ ဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက တိုင်းရင်းသားများ စည်းလုံးညီညွတ်စွာဖြင့် အမျိုးသားလုံခြုံရေးနှင့် အမျိုးသား အကျိုးစီးပွားကို ရှေ့ရှုဆောင်ရွက်သွားရေး၊ နိုင်ငံတော်က ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အောင်မြင်စေရန် ပူးပေါင်းဆောင်ရွက်ရေး၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များ ဥပဒေနှင့်အညီ ပြန်လည်မှတ်ပုံတင်ရေး၊ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA)လက်မှတ်ရေးထိုးသည့် (၈)နှစ် ပြည့် အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ပူးပေါင်းပါဝင်ဆောင်ရွက်ရေးကိစ္စရပ်များကို ရှင်းလင်း ဆွေးနွေး ပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက အသင်းအဖွဲ့ မှတ်ပုံတင်ရေး ဥပဒေအရ မှတ်ပုံတင်နိုင်ရေး ဆောင်ရွက်နေမှုများနှင့် တိုင်းရင်းသားရေးရာကိစ္စရပ်များကို ရှင်းလင်းပြောကြားပြီး တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များမှ တာဝန်ရှိသူများက လိုအပ်ချက်နှင့် ကူညီဆောင်ရွက်ပေးရမည့် ကိစ္စရပ်များကို ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။
ထို့ပြင် ဒုတိယဝန်ကြီးသည် ယမန်နေ့ နံနက်ပိုင်းက ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်) ပြင်ဆင် ထိန်းသိမ်းခြင်း လုပ်ငန်းများနှင့် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ဦးစွာ ဒုတိယဝန်ကြီးသည် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) အတွင်း ရေပန်းအလှတပ်ဆင်ခြင်း၊ သမင်ခြံနေရာတွင် ဝင်္ကပါပတ်လမ်း၊ ဝါးရုံတော လျှောက်လမ်းများဆောင်ရွက်နေမှု၊ တိုင်းရင်းသား ရိုးရာအိမ်များအား ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ဆိပ်ခံဗောတံတား ဆောင်ရွက်ပြီးစီးမှုနှင့် ဝင်ကြေးကောက်ခံ ရရှိမှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)ရှိ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ဝန်ထမ်းအားလုံး ဝန်ထမ်း စည်းမျဉ်းစည်းကမ်းများနှင့်အညီ နေထိုင်ကြရန်၊ နိုင်ငံတော် ဘဏ္ဍာငွေသုံးစွဲရာတွင် ဘဏ္ဍာရေး စည်းမျဉ်းနှင့်အညီ သုံးစွဲကြရန်၊ ဝန်ထမ်းအား လုံး စည်းစည်းလုံးလုံးဖြင့် လုပ်ငန်းတိုးတက်အောင်မြင်အောင် ဆောင်ရွက်ကြရန်နှင့် လျှပ်စစ်မီးချွေတာသုံးစွဲကြရန် ကိစ္စရပ်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)