နေပြည်တော် အောက်တိုဘာ ၃
မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီက ကြီးမှူးကျင်းပသည့် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အစိုးရနည်းပညာအထက်တန်း ကျောင်း၌ ကျင်းပသည်။
အခမ်းအနားသို့ မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီအတွင်းရေးမှူး အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များနှင့် တာဝန်ရှိသူများ၊ အစိုးရနည်းပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့် လူငယ်များ၏ အနာဂတ်အလားအလာ ကောင်းများကို ရှေ့ဆောင်လမ်းပြပေးနိုင်ရန် လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံချက်များကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ကျောင်းသားလူငယ်များ လူ့အသိုင်းအဝိုင်းတွင် အချင်းချင်းပူးပေါင်းဆောင်ရွက်မှု၊ ရိုင်းပင်းကူညီမှု၊ စာနာထောက်ထားမှု၊ ရင်းနှီးဖော်ရွေမှု၊ ယဉ်ကျေးသိမ်မွေ့မှု၊ အပြန်အလှန်လေးစားမှုတို့နှင့် နေထိုင်ပြောဆိုဆက်ဆံကြပြီး စဉ်းစားဆင်ခြင်မှု အသိဉာဏ်ပညာများနှင့် ကြိုးစားအားထုတ်သွားမည်ဆိုပါက ဘဝတွင်အောင်မြင်မှု များကို ရရှိနိုင်မည်ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူ လူငယ်များအနေဖြင့် တိုင်းပြည်နှင့် လူမျိုး အပေါ်ချစ်စိတ်၊ ပြည်ထောင်စု စိတ်ဓာတ်၊ ငြိမ်းချမ်းရေးလိုလားသည့် စိတ်ဓာတ်များနှင့် အနာဂတ်ကို ဦးဆောင်နိုင်သည့် လူငယ်များဖြစ်အောင် ကြိုးစားနေထိုင်ကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် စာရေးဆရာမ ဒေါ်သက်သက်နွယ်(ရန်ကုန်တက္ကသိုလ်)က “လူငယ်နှင့် ပညာရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ လူငယ်ရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဝင်းက “မသန်စွမ်းသူများ၏အခွင့်အရေး ကာကွယ်ရေး၊ ဘဝမြှင့်တင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများ”နှင့် ပတ်သက်၍လည်းကောင်း ဟောပြောဆွေးနွေးကြပြီး Fitness Dance အဖွဲ့က သရုပ်ပြဖျော်ဖြေခြင်းနှင့် ဗဟုသုတ ဉာဏ်စမ်းမေးခွန်းများ မေးမြန်းခြင်းတို့ကို ဆောင်ရွက်ကြပြီး မေးခွန်းဖြေဆိုနိုင်သူများကို ဆုလက်ဆောင်ပစ္စည်းများ ပေးအပ်သည်။
ယင်းနောက် ဒုတိယဝန်ကြီးက ဆွေးနွေးဟောပြောပေးခဲ့သည့် စာရေးဆရာများနှင့် အစိုးရနည်းပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးထံ အမှတ်တရလက်ဆောင်ပစ္စည်းများနှင့် အားကစား ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့သည်။
(သတင်းစဉ်)