တာချီလိတ်  ၃  ဩဂုတ်

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်သည် ယနေ့နံနက်ပိုင်းတွင် တာချီလိတ်ခရိုင် တာလေမြို့နယ် မိုင်းလင်းအရှေ့ရှိ ဝမ်ပိုင်းကျေးရွာ သောက်ရေသုံးရေ ရရှိရေးအတွက် ၂ လက္မပိုက်ဖြင့် အရှည်နှစ်မိုင် ရေပိုက်လိုင်းသွယ်တန်းခြင်း လုပ်ငန်းများဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။ 

 

ယင်းနောက် ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများသည် မိုင်းလင်းဆရာတော်ကျောင်းသို့ သွားရောက်၍ ဆရာတော်ကြီးအား ဖူးမြော်ကြည်ညိုပြီး အလှူငွေများ ပေးအပ်လှူဒါန်းသည်။

 

နိုင်ငံတော်မှချမှတ်ပေးထားသည့် ကိုဗစ်-၁၉ ကာလ စီးပွားရေးကုစားမှု အစီအစဉ်အရ ကျေးလက်ဒေသနေမိသားစုများ ဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ရန် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက Cash For Workနှင့် Village  Revolving Fund Projet  ကျေးရွာ မတည်ရန်ပုံငွေ စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိသည်။

 

တာချီလိတ်ခရိုင်အတွင်းရှိ CFW စီမံကိန်းရွာ ၂၅ ရွာနှင့် VRFP စီမံကိန်းကျေးရွာ ၁၈ ရွာတို့တွင် စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းများအကောင်အထည်ဖော်ရာတွင် ကျေးလက်နေပြည်သူများ၏ လုပ်အား ပါဝင်ဆောင်ရွက်စေပြီး လုပ်အားခများ ပြည့်ဝစွာရရှိနိုင်ရန် စီမံကိန်း၏ ခွင့်ပြုရန်ပုံငွေမှ လုပ်အားခအဖြစ် ၆၀ ရာခိုင်နှုန်းကို အကျိုးခံစားခွင့် ပြုထားကြောင်း သိရသည်။

 

ယာဆေး(ပြန်/ဆက်)