နေပြည်တော် ၁၉ သြဂုတ်

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်သည်  မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးနှင့် အတူ သြဂုတ် ၁၆ ရက် မွန်းလွဲပိုင်းက ကျိုက်မရောမြို့နယ်၊ ပန်းကုန်းကျေးရွာသို့ ရောက်ရှိကြပြီး စွမ်းအားမြှင့်မီးဖို ဖြန့်ဖြူးထားရှိမှု၊ ဒေသနေပြည်သူများ၏ လက်တွေ့အသုံးပြုနေမှုများကို ကြည့်ရှုစစ်ဆေးအားပေးသည်။

 

ထို့နောက် မုဒုံမြို့နယ်၊ ကမာဝက်မြို့၊ စိန်တောင်ရပ်ကွက်တွင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက ဆောင်ရွက်ထားသည့် တွင်းနက်တူးဖော်၍ မြေအောက်ရေ ပြန်လည်ဖြည့်တင်းခြင်းလုပ်ငန်း ဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေးသည်။

 

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်အတွင်း ‌မြေအောက်ရေ ဖြည့်တင်းရေးတွင်း (Groundwater Recharge Well) လုပ်ငန်းကို ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ဆောင်ရွက်လျက်ရှိရာ မြေအောက်ရေ ပြန်လည်ဖြည့်တင်းခြင်းလုပ်ငန်းကြောင့် ယင်းဒေသ၏ ရေကြီးရေလျှံမှု လျှော့ချနိုင်မည်ဖြစ်ပြီး အနီးဝန်းကျင်ရှိ လက်တူးတွင်းနှင့် စက်ရေတွင်းများ၌ နွေရာသီများတွင် ကြုံတွေ့ရသည့် ရေပြတ်လပ်မှုကို လျော့ချနိုင်မည်ဖြစ်ကြောင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ချောင်းဆုံမြို့နယ် ညောင်လန်းကျေးရွာ၊ မုဒုံမြို့နယ် ကမာဝက်မြို့ စိန်တောင်ရပ်ကွက်၊ ကျိုက်မရောမြို့နယ် ကြခတ်ကုန်းကျေးရွာများ၌ မြေအောက်ရေ ဖြည့်တင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးပါက အနီးဝန်းကျင်ရှိ လက်တူးတွင်းနှင့် စက်ရေတွင်း အခြေအနေများကို စောင့်ကြည့်လေ့လာပြီး စမ်းသပ်ဆောင်ရွက်ထားမှု အောင်မြင်ပါက ရရှိသည့် အကျိုးရလာဒ်များအပေါ် အခြေခံကာ ဒေသတွင်း မြေအောက်ရေပြန်လည် ဖြည့်တင်းခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးတို့သည် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်၊ တော်ကူးကျေးရွာ နည်းပညာ ပြန့်ပွားရေးစင်တာသို့ ရောက်ရှိကြပြီး မိုးစပါးမျိုးစေ့ထုတ် တောင်သူများနှင့်တွေ့ဆုံ၍ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်(CERP)အရ မိုးစပါး မျိုးစေ့ထုတ် ဧက(၁၅၀)အတွက် ထောက်ပံ့ငွေများကို ပေးအပ်ရာ အကျိုးဆောင်တောင်သူ ကိုယ်စားလှယ်တစ်ဦးက လက်ခံရယူသည်။ အခမ်းအနားအပြီးတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မိုးစပါးမျိုးစေ့ထုတ် RS-CS စံပြ စိုက်ခင်းကို ကြည့်ရှုစစ်ဆေးသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် နှစ်ရှည်ပင်များသုတေသနဌာနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ (မုဒုံ)သို့ ရောက်ရှိပြီး ခြံအတွင်း လုပ်ငန်းဆောင်ရွက်ထားမှုနှင့် ရော်ဘာပင်ကြားသီးနှံအဖြစ် ဝဥသီးနှံ စမ်းသပ်စိုက်ပျိုးထားမှုအား ကြည့်ရှုအားပေးကာ လိုအပ်သည်များ မှာကြားသည်။

 

ယင်းနောက် မုဒုံမြို့နယ်၊ ကော့ခပုံကျေးရွာအုပ်စု၊ ကော့ခပုံကျေးရွာ(ရွာသစ်)သို့ ရောက်ရှိပြီး ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးလှဟန်က ကျေးရွာ(၆)ရွာ၌ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ဆောင်ရွက်နေမှု၊ Cash for Work စီမံကိန်းဖြင့် ဆောင်ရွက်သည့် ကျေးရွာ ၄ ရွာ၏ လုပ်ငန်းဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးတို့က ကျေးရွာဖွံ့ဖြိုးရေးလိုအပ်ချက်အား သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်

 

mdn