နေပြည်တော် ၁၈ သြဂုတ်
စိုက်ပျိုးရေးဦးစီးဌာနနှင့် ငါးလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော CERP Plan အရ မျိုးစေ့ထုတ်တောင်သူများအား နိုင်ငံတော်အစီအစဉ်ဖြင့် ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် ငါးမွေးတောင်သူများထံ ငါးသားပေါက်ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို သြဂုတ် ၁၆ ရက် နံနက် ၈ နာရီခွဲက မြဝတီမြို့၌ ပြုလုပ်သည်။
အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မြို့နယ်တာဝန်ခံနှင့် ဌာနဆိုင်ရာများ၊ ဒေသနေတောင်သူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီးနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က မြဝတီမြို့နယ် မျိုးစေ့ထုတ် ဧက(၇၀)အတွက် စိုက်ပျိုးစရိတ်နှင့် ငါးမွေးကန် (၄၆ ဒသမ ၁၄)ဧကအတွက် ငါးသားပေါက်များ ထောက်ပံ့ပေးအပ်သည်။
မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် CERP Plan အရ မိုးစပါးမျိုးစေ့ထုတ်လုပ်ငန်းအား ပုဂ္ဂလိကကဏ္ဍမှ ဧက(၁)သိန်း ဆောင်ရွက်နေပြီး နိုင်ငံတော်မှ တစ်ဧကလျှင် (၁၅၀၅၀၀)ဖြင့် ဧက(၁)သိန်းအား စိုက်ပျိုးစရိတ်ထောက်ပံ့ခြင်းနှင့် ငါးမွေးကန် တစ်ဧကလျှင် ကျပ်(၄၀၀၀၀)တန်ဖိုးဖြင့် ငါးမွေးကန် ဧက(၁၅၀၀၀၀)အတွက် ငါးသားပေါက်များအား ဖြန့်ဖြူးပံ့ပိုးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မြဝတီခရိုင်၊ မြဝတီမြို့နယ်ရှိ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ သောင်ရင်းမြစ်ဖြတ်ကျော် မြဝတီနယ်စပ် အမှတ်(၂)ဂိတ်သို့ ရောက်ရှိကြပြီး အပင်နှင့် အပင်ထွက်ပစ္စည်းစစ်ဆေးရေးစခန်း၊ တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်း စစ်ဆေးရေးစခန်း၊ ရေထွက်ပစ္စည်းစစ်ဆေးရေးစခန်းများအား ကြည့်ရှုစစ်ဆေးသည်။
အပင်နှင့်အပင်ထွက်ပစ္စည်း စစ်ဆေးရေးစခန်းအား ကြည့်ရှုစစ်ဆေးစဉ် ပြည်ပပို့ကုန် ဖျက်ပိုးကင်းရှင်းကြောင်း ထောက်ခံချက်လက်မှတ် လျှောက်ထားခြင်းနှင့် ထုတ်ပေးခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ၊ Myanmar Automated Cargo Clearance System (MACCS) စနစ်ဖြင့် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ၊ တင်သွင်းလာသည့် အပင်နှင့် အပင်ထွက်ပစ္စည်းများတွင် ပိုးမွှားရောဂါ ပါဝင်မှု ရှိ/မရှိစစ်ဆေးခြင်း၊ တင်သွင်းခွင့်ရရှိပြီး အပင်နှင့် အပင်ထွက် ပစ္စည်းများအား (MACCS)စနစ်ဖြင့် ဆောင်ရွက်နေမှုလုပ်ငန်းစဉ်များ၊ ၂၀၁၉-၂၀၂၀ ခုနှစ် ဇူလိုင်ကုန်အထိ တင်သွင်းခွင့်လိုင်စင် Import Certificate (IC) နှင့် ဖျက်ပိုးကင်းရှင်းကြောင်း ထောက်ခံချက်လက်မှတ် Phytosanitary Certificate(PC) ထုတ်ပေးမှုနှင့် ဝင်ငွေရရှိမှုအခြေ အနေများအား စိုက်ပျိုးရေးဦးစီးဌာန သီးနှံကာကွယ်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ဦးက ရှင်းလင်းတင်ပြပြီး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးကိုကိုက ဖြည့်စွက်ရှင်းလင်း တင်ပြသည်။
ယင်းနောက် တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်း စစ်ဆေးရေးစခန်းအား ကြည့်ရှုစစ်ဆေးရာ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူက တိရစ္ဆာန်ကူးစက် ရောဂါထိန်းချုပ်ရေးလုပ်ငန်းများနှင့် တင်သွင်းတင်ပို့ခွင့်ဆိုင်ရာ စိစစ်ရေးလုပ်ငန်းစဉ်များ၊ အေးခဲသားများ တရားမဝင် ဝင်ရောက်မှုဟန့်တားရေးနှင့် တရားဝင်တင်ပို့နိုင်ရေး ဆောင်ရွက်မှု လုပ်ငန်းစဉ်များကို လည်းကောင်း၊ ရေထွက်ပစ္စည်းစစ်ဆေးရေးစခန်းတွင် ငါးလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇင်ထူးက ရေထွက်ပစ္စည်းများ တင်သွင်းတင်ပို့ခြင်း လုပ်ငန်းများအတွက် လိုအပ်သော စစ်ဆေးဆောင်ရွက်နိုင်ရန် ကြိုတင်ပြင်ဆင်ထားရှိမှုများကို လည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့နွဲ့ကျေးရွာတွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် (CERP) ဖြင့် စိုက်ပျိုးထားသည့် မိုးစပါး RS-CS မျိုးစေ့ထုတ်(၁၀)ဧက စံပြစိုက်ခင်းကို ကြည့်ရှုစစ်ဆေးပြီး မိုးစပါးမျိုးစေ့ထုတ် တောင်သူများထံ ထောက်ပံ့ငွေပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်