နေပြည်တော် ဒီဇင်ဘာ ၁၂
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းသည် ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ရုံး၊ ပျဉ်းမနားမြို့နယ်ရှိ မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲနှင့် ဇမ္ဗူသီရိမြို့နယ်ရှိ ငွေရေးကြေးရေးကြီးကြပ် စစ်ဆေးရေးဦးစီးဌာနရုံး များကို ကြည့်ရှုစစ်ဆေးသည်။
ပထမဦးစွာ ဒုတိယဝန်ကြီးသည် ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်တို့နှင့်အတူ ပျဉ်းမနားမြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲနှင့် ဇမ္ဗူသီရိမြို့နယ်ရှိ မြန်မာလယ်ယာဖွံ့ဖြိုးရေးဘဏ်ရုံးတို့ကို ကြည့်ရှုစစ်ဆေးရာ တိုင်းမန်နေဂျာနှင့် မြို့နယ်မန်နေဂျာတို့က ဘဏ်လုပ်ငန်းဆိုင်ရာများ၊ ချေးငွေထုတ်ချေးမှု၊ ချေးငွေကြွေးကျန်ကျဆင်းရေး နှင့် အလွဲသုံးစားမှုလျော့နည်းပပျောက်ရေး ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြသည်။
တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၏ အဓိက တာဝန်နှစ်ရပ်မှာ တောင်သူလယ်သမားများသို့ စိုက်ပျိုးစရိတ်နှင့် လယ်ယာဖွံ့ဖြိုးရေးချေးငွေများ ထုတ်ချေးရန်နှင့် ပြန်လည်ကောက်ခံရန်ဖြစ်ကြောင်း၊ ယင်းတာဝန်များကို ရေရှည်ဆောင်ရွက် နိုင်စေရန် ကြွေးဟောင်း ပြေကျေမှ ကြွေးသစ်ပေးသည့်စနစ်ကို ကျင့်သုံးဆောင်ရွက်လျက်ရှိ ကြောင်း၊ ကြွေးကျန်လျော့နည်းကျ ဆင်းရေးစီမံချက်နှင့် အလွဲသုံးစားမှုလျော့နည်းပပျောက်ရေး စီမံချက်တို့ကို အောက်ခြေဝန်ထမ်းများ သိရှိနားလည် လိုက်နာရေးဆောင်ရွက်ရန်မှာကြား၍ ဝန်ထမ်းများ၏တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် နေပြည်တော်ကောင်စီနယ်မြေ ငွေရေးကြေးရေးကြီး ကြပ်စစ်ဆေးရေး ဦးစီးဌာနရုံးကို ကြည့်ရှုစစ်ဆေးပြီး ပြည်တွင်းပြည်ပဘဏ်မဟုတ်သည့် ငွေရေးကြေးရေးအဖွဲ့အစည်း များကို ကြီးကြပ်ကွပ်ကဲရသဖြင့် ဥပဒေ၊ စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ကြရေး၊ On-site နှင့် Off-site ပုံမှန်စစ်ဆေးကြပ်မတ်ရေး၊ ဝန်ထမ်းများအနေဖြင့် လုပ်ငန်းစွမ်းဆောင်ရည်ပြည့်ဝ သူများဖြစ်စေရေး၊ လုံခြုံရေးနှင့်မီးဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေးမှာကြား၍ ဝန်ထမ်းများ၏ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
(သတင်းစဉ်)