နေပြည်တော် ဇွန် ၇
အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ ကျေးလက်ဒေသ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန (Centre on Integrated Rural Development for Asia and the Pacific - CIRDAP) ၏ (၂၄)ကြိမ်မြောက် အုပ်ချုပ်မှုကောင်စီအစည်းအဝေး (24th Governing Council Meeting)ကို ၂၀၂၄ ခုနှစ် ဇွန် ၆ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Novotel Bangkok on Siam Square Hotel ၌ ကျင်းပပြုလုပ်ရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ဆွေးနွေးသည်။
အဆိုပါ (၂၄)ကြိမ်မြောက် အုပ်ချုပ်မှုကောင်စီအစည်းအဝေး (24th Governing Council Meeting) ကို ဇွန် ၆ ရက် နံနက်ပိုင်းက စတင်ကျင်းပရာ တက်ရောက်လာကြသည့် CIRDAP အဖွဲ့ဝင်နိုင်ငံများမှ တာဝန်ရှိပုဂ္ဂိုလ်များက အဖွင့်အမှာစကားပြောကြားကြသည်။
အုပ်ချုပ်မှုကောင်စီအစည်းအဝေးတွင် ဒုတိယဝန်ကြီး ဦးမြင့်စိုးက အာရှနှင့် ပစိဖိတ်ဒေသတွင်းရှိ နိုင်ငံများအနေဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကြုံတွေ့နေရသည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများကို ဘက်စုံဖွံ့ဖြိုးတိုးတက်သော ချဉ်းကပ်မှုနည်းလမ်းဖြင့် ဖြေရှင်းဆောင်ရွက်သွားရမည်ဖြစ်ပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဒေသတွင်းနှင့်ကိုက်ညီသည့် မဟာဗျူဟာများ ချမှတ်ဆောင်ရွက်ရန်အရေးကြီးကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် ကျေးလက်ဒေသများ၏ အဓိကလိုအပ်ချက်များဖြစ်သော လမ်းပန်းဆက်သွယ်ရေးကွန်ရက်များ ကောင်းမွန်စေရေး၊ သန့်ရှင်းသောသောက်သုံးရေ၊ ပညာရေးနှင့် ကျန်းမာရေးဝန်ဆောင်မှုများ လက်လှမ်းမီရရှိစေရေး စသည့် မတူကွဲပြားသည့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းမှတစ်ဆင့် ကျေးလက်ဒေသ အသွင်ကူးပြောင်းရေးကို အလေးထားဆောင်ရွက်ပေးသွားရမည် ဖြစ်ကြောင်း၊ အောင်မြင်သော ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုအတွက် ခိုင်မာသောခေါင်းဆောင်မှု၊ ကတိကဝတ်များနှင့် အဖွဲ့ဝင်နိုင်ငံများအားလုံး၏ တက်ကြွစွာပူးပေါင်းဆောင်ရွက်မှုများနှင့် CIRDAP အဖွဲ့ဝင်နိုင်ငံများအကြား အသိပညာများ မျှဝေဖလှယ်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများ ခိုင်မာအားကောင်း စေရန်လည်းလိုအပ်ကြောင်း ပြောကြားသည်။
ယင်းနောက် တက်ရောက်လာကြသည့် အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များက အဖွဲ့ဝင် နိုင်ငံများ၏ စိုက်ပျိုးရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကဏ္ဍများတွင် ဆောင်ရွက်ခဲ့သော ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ကျေးလက်ဒေသများ၌ ဆောင်ရွက်ပြီးသော ဖွံ့ဖြိုးရေးလုပ်ငန်းများ ရေရှည်တည်တံ့စေရေး၊ လည်ပတ်စေရေးလုပ်ငန်းများအပေါ် စိန်ခေါ်မှုအသစ်များ၊ အလားအလာရှိသော စီမံကိန်းအသစ်များဆောင်ရွက်နိုင်ရန် နည်းပညာနှင့် ရန်ပုံငွေလိုအပ်ချက်များကို ပံ့ပိုးပေးနိုင်ရေးအစီအစဉ်များ၊ အဖွဲ့ဝင်နိုင်ငံများ၏ အကောင်းဆုံး အလေ့အကျင့်များဆိုင်ရာ ဆွေးနွေးမှုများအပါအဝင် ကျေးလက်ဒေသဖွံ့ဖြိုးရေးဆိုင်ရာ မူဝါဒများနှင့် မဟာဗျူဟာများကို ပြန်လည်သုံးသပ်ခြင်း၊ စွမ်းရည်မြှင့်တင်ရေးအစီအစဉ်များနှင့် အလုပ်ရုံဆွေးနွေးပွဲများ စီစဉ်ပေးနိုင်ရေး ဆွေးနွေးမှုများ၊ ကြုံတွေ့ရသည့်အခက်အခဲများ၊ အောင်မြင်မှုများနှင့် သင်ခန်းစာများကို မျှဝေခြင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးစီမံကိန်းများအတွက် လိုအပ်သည့်အရင်းအမြစ်များနှင့် ကျွမ်းကျင်မှုများကို မိတ်ဖက်အဖွဲ့အစည်းများ၊ အစိုးရများ၊ နိုင်ငံတကာအေဂျင်စီများနှင့် ပူးပေါင်းလုပ်ဆောင်နိုင်ရန် အခွင့်အလမ်းများကို ဖော်ထုတ်ခြင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးပန်းတိုင်များကို မြှင့်တင်ရာတွင် နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ အခန်းကဏ္ဍများ၊ CIRDAP အဖွဲ့အစည်းမှ ဆောင်ရွက်သည့် စီမံကိန်းများ၏ အကျိုးသက်ရောက်မှုနှင့် ထိရောက်မှုကိုအကဲဖြတ်သည့် စောင့်ကြည့်ခြင်းနှင့် အကဲဖြတ်ခြင်းယန္တရားများကို ပြန်လည်သုံးသပ်ခြင်း၊ အဖွဲ့ဝင်နိုင်ငံများအကြား ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုနှင့် ပေါင်းစည်းမှုမြှင့်တင်ရန် စသည်တို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပြီး ညနေပိုင်းတွင် အစည်းအဝေးကိုအောင်မြင်စွာပြီးစီးခဲ့သည်။
ယင်းနောက် ဒုတိယဝန်ကြီး ဦးမြင့်စိုး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၄ ခုနှစ် ဇွန် ၇ ရက်တွင် ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီ မိနစ် ၄၀ တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Bangkok Suvarnabhumi လေဆိပ်မှ ထွက်ခွာခဲ့ရာ မြန်မာနိုင်ငံသို့ ညနေပိုင်းတွင် ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရှိရသည်။
သတင်းစဉ်