နေပြည်တော် ဇူလိုင် ၂၅
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများ နှင့်အတူ ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ်၊ ဂွေးပင်ကျေးရွာသို့ ရောက်ရှိပြီး ကျေးရွာသူ/ ကျေးရွာသားများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဒုတိယဝန်ကြီး က နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ကျေးရွာ (၃) ရွာကို ခေတ်မီစံပြကျေးရွာ ရှေ့ပြေးစီမံကိန်းအဖြစ် စတင်အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း၊ တောင်သူလယ်သမားများအနေဖြင့် စိုက်ပျိုးရေးတွင် သဘာဝမြေဩဇာကို ဦးစားပေး အသုံးပြုရန် လိုကြောင်း၊ သဘာဝမြေဩဇာ ထုတ်လုပ်သုံးစွဲနိုင်ရေးအတွက် လိုအပ်သည့် နည်းပညာများပံ့ပိုး ကူညီပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ဂွေးပင်(စံပြ)ကျေးရွာ၏ စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်းမှ စုပေါင်းလယ်ယာစနစ်ဖြင့် ဆောင်ရွက်နေသည့် အသင်းသားတောင်သူ (၆) ဦး ပိုင်ဆိုင်သည့် လယ်မြေ (၇) ဧကတွင် GW 11 အထွက်ကောင်း မျိုးစပါးများ အစေ့ချ (စီဒါ) စိုက် ပျိုးခြင်း၊ ကြဲပက်စိုက်ပျိုးခြင်းနှင့် ပျိုးထောင်စိုက်ပျိုးနေမှုကို ကြည့်ရှုအားပေးပြီး တောင်သူဒေါ်ခင်မြင့်ရွှေ၏ လယ်မြေ (၁ ဒသမ ၂၅) ဧကတွင် အဖွဲ့ဝင်များနှင့်အတူ ကြဲပက်စိုက်ပျိုးပေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ လယ်သာကျေးရွာရှိ စမ်းဝတီ သဘာဝမြေဩဇာစက်ရုံသို့ ရောက်ရှိပြီး စမ်းဝတီသဘာဝမြေဩဇာ ကီလို (၅၀) တစ်အိတ်လျှင် ငွေ ကျပ် ၁၅၀၀၀/ ဖြင့် ပတ်ဝန်းကျင်ကျေးရွာများ၊ မြို့နယ်များသို့ ဖြန့်ဖြူးပေးနေမှု၊ စမ်းဝတီ နွားမွေး မြူရေးခြံရှိ နွားကောင်ရေ (၄၀၀) ကျော် မွေးမြူထားရှိမှုနှင့် သဘာဝမြေဩဇာသုံး တီကောင်များ မွေးမြူထားမှုနှင့် စမ်းဝတီဘက်စုံသုံး အရောင်းဆိုင် တည်ဆောက်နေမှုတို့ကို ကြည့်ရှုလေ့လာသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် လယ်ဝေးမြို့နယ်၊ သော်မှော်ကုန်း (စံပြ) ကျေးရွာ ဘက်စုံသုံးခန်းမ၌ ကျေးရွာသူကျေးရွာသားများနှင့် တွေ့ဆုံပြီး စံပြကျေးရွာစီမံကိန်း အောင်မြင်ရေး အတွက် သတ်မှတ်ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ရမည့် လုပ်ငန်းများ အချိန်မီပြီးစီးရန် မှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ဦးမြင့်သိန်း ဦးဆောင်သော မွေးမြူရေး သမဝါယမ အစုအဖွဲ့၏ CP ဝက်အကောင် (၂၀) မွေးမြူဆောင်ရွက်နေမှု၊ ကျေးရွာတွင်း ကွန်ကရစ် လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှု၊ နွားမွေးမြူရေးအစုအဖွဲ့၏ ဒေသနွားမျိုးများ မွေးမြူ ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်