နေပြည်တော်၊ ဒီဇင်ဘာ ၁၀
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့တွင် တာဝန်ထမ်းဆောင်နေသော ဝန်ကြီးဌာန ဝန်ထမ်းများနှင့်တွေ့ဆုံကာ ယုံကြည်ချက်၊ ခံယူချက်ကောင်းမွန်သော ဝန်ထမ်းများ ဖြစ်အောင်ကျင့်ကြံနေထိုင်၍ ဘဝတိုးတက်ရေးကြိုစားရန်၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ စေတနာထားဆောင်ရွက်ရန်မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး၌ ဝန်ထမ်းများနှင့် တွေ့ဆုံပြီး ကျောက်ပန်းတောင်းမြို့နယ်၊ ရွာလုကျေးရွာ၌ ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်ခု (One Village One Product) စီမံကိန်းဖြင့် ဝါးလက်မှုထည်များ ထုတ်လုပ်နေသည့် ရွာလုလယ်ယာနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းမှ အသင်းသား အသင်းသူများနှင့် တွေ့ဆုံကာ အဆင့်မြင့် ဝါးလက်မှုထည်များ ထုတ်လုပ်နိုင်ရေး သင်တန်းပို့ချရန်၊ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် ဆီထွက်သီးနှံ စိုက်ပျိုးကြရန် မှာကြားကာ အသင်းသားအသင်းသူများ ရက်လုပ်ထားသည့် ဝါးလက်မှုထည်များကို ကြည့်ရှု အားပေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ကျောက်ပန်းတောင်းမြို့နယ်၊ လက်ပံပျားကျေးရွာ၌ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၏ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းဖြင့် ဖွင့်လှစ်ပေးနေသော ဒေသထွက်သီးနှံအခြေခံ တန်းဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာသင်တန်း သင်တန်းသား သင်တန်းသူများနှင့် တွေ့ဆုံ၍ တန်ဖိုးမြှင့် စားသောက်ကုန်များ ထုတ်လုပ်ရောင်းချနိုင်ရေး မှာကြားကာ သင်တန်းသား သင်တန်းသူများ လက်တွေ့ထုတ်လုပ်ထားသော တန်းဖိုးမြှင့် ထုတ်ကုန်များကို ကြည့်ရှုအားပေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် မိတ္ထီလာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍနှစ် ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေဖြင့် ဂွေးကုန်းကျေးရွာ ကုန်ထုတ်လမ်းဖောက်လုပ်နေမှုနှင့် မိတ္ထီလာမြို့နယ် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် မိတ္ထီလာ - မြင်းခြံကားလမ်းမှ ရေချိုဘူတာ - ရွာသာရွာသို့ ဆက်သွယ်သော လမ်းကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားကာ လမ်းလုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် မိတ္ထီလာမြို့ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၏ ရက်ကန်းနှင့် သက်မွေးပညာ သင်တန်းကျောင်းသို့ သွားရောက်၍ Art Gallery ပြခန်းဆောင် တည်ဆောက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး သင်တန်းတက်ရောက်နေသော သင်တန်းသူများနှင့်တွေ့ဆုံကာ ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံသို့ ပေါင်းကူးတက်ရောက်နိုင်ရေး ကြိုးစားသင်ယူကြရန်မှာကြားပြီး လက်ရက်ကန်း၊ စက်ရက်ကန်းများ လက်တွေ့ရက်လုပ်နေမှု၊ ဝန်ထမ်းအိမ်ရာ၊ သင်တန်းသားသင်တန်းသူ အိပ်ဆောင်နှင့် စားရိပ်သာတို့ကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားသည်။
သတင်းစဉ်