နေပြည်တော် နိုဝင်ဘာ ၁

 

ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်၊ စစ်ကိုင်း) တို့မှ သိပ္ပံဘွဲ့၊ ဝိဇ္ဇာဘွဲ့များ ရရှိလာကြပြီး သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအောက်ရှိ ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာနများတွင် နိုင်ငံ့ဝန်ထမ်းများအဖြစ် ဝင်ရောက်တာဝန်ထမ်းဆောင်ကြမည့် ဝန်ထမ်းများနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အသစ်ခန့်အပ်ခဲ့သော အင်ဂျင်နီယာဝန်ထမ်းများအနေဖြင့် ဝန်ကြီးဌာနနှင့် ဦးစီးဌာနများ၏ မူဝါဒ၊ လုပ်ငန်းစဉ်များ၊ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းလုပ်ငန်းများကို သိရှိနားလည် သဘောပေါက်ပြီး လုပ်ငန်းများအောင်မြင်စွာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ လုပ်ငန်းခွင်ဝင်သင်တန်း အမှတ်စဉ် (၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ရုံးအမှတ်(၃၆-ဘီ)၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန သုတေသနသင်တန်းခန်းမ၌ ကျင်းပပြုလုပ်သည်။

 

ဖွင့်ပွဲအခမ်းအနားသို့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ဒုတိယဝန်ကြီး ဦးမြင့်စိုးက သင်တန်းသားများအနေဖြင့် မိမိတို့ဝန်ကြီးဌာနအတွင်း စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာပြီး မိသားစုစိတ်ဓာတ်ဖြင့် အတူတူလက်တွဲ ဆောင်ရွက်တတ်သည့် အလေ့အထကောင်းများ ဖြစ်ပေါ်လာပြီး ရုံးလုပ်ငန်းများ လွယ်ကူချောမွေ့စွာ လုပ်ကိုင်နိုင်စေရန်နှင့် နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေ၊ ရုံးလုပ်ထုံးလုပ်နည်းများကို နားလည်သဘောပေါက်စေရန်အတွက် သင်တန်းမှပို့ချသည့် ဘာသာရပ်များ စနစ်တကျ လေ့လာသင်ယူကြစေလိုကြောင်း၊ ပါတီနိုင်ငံရေးကင်းရှင်းစွာဖြင့် ဝန်ထမ်းစည်းမျဉ်းစည်းကမ်း၊ ဝန်ထမ်းကျင့်ဝတ်များနှင့်အညီ လိုက်နာနေထိုင်ကြရန်လိုအပ်ကြောင်း ပြောကြားသည်။

 

ထို့နောက် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဦးဇော်မင်းထွဋ်က ဝန်ထမ်းကျင့်ဝတ်နှင့် နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေများ၊ ဝန်ကြီးဌာန၏ မူဝါဒ၊ ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များကိုလည်းကောင်း၊ ဆက်စပ်ဦးစီးဌာန တာဝန်ရှိသူများက ဦးစီးဌာနအလိုက် မူဝါဒ၊ ရည်ရွယ်ချက်၊ လုပ်ငန်းတာဝန်များကိုလည်းကောင်း ပို့ချကြသည်။

 

အဆိုပါ လုပ်ငန်းခွင်ဝင်သင်တန်း အမှတ်စဉ်(၁/၂၀၂၃)သို့ ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်နှင့် စစ်ကိုင်း)မှ ကျောင်းဆင်းဝန်ထမ်း ၅၃ ဦး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အသစ်ခန့် အငယ်တန်းအင်ဂျင်နီယာ-၃ (၁၃)ဦးနှင့် အသစ်ခန့် အငယ်တန်းအင်ဂျင်နီယာ- ၄ (၃)ဦး စုစုပေါင်း သင်တန်းသား (၆၉)ဦး တက်ရောက်ကြပြီး သင်တန်းကို နိုဝင်ဘာ ၁ ရက်မှ ၃ ရက်အထိ သုံးရက်ကြာဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်