နေပြည်တော် ဩဂုတ် ၄

 

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့်တွေ့ဆုံကာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ခေတ်မီစံပြကျေးရွာ (SMART Village)များ အခြေအနေ၊ ရှမ်းပြည်နယ် သမဝါယမအသင်းစုချုပ်နှင့် နေပြည်တော် စမ်းဝတီသမဝါယမအသင်းတို့၏ သဘာဝမြေဩဇာများ ထုတ်လုပ်နေမှုအခြေအနေတို့ကို ရှင်းလင်းဆွေးနွေးပြီး မြစ်ကြီးနားဒေသ၌ ဆောင်းသီးနှံနှင့် နွေသီးနှံ စံပြစိုက်ခင်းများ စိုက်ပျိုးနိုင်ရေး တင်ပြဆွေးနွေးသည်။

 

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မြစ်ကြီးနားမြို့၊ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန၏ ရက်ကန်းသင်တန်းကျောင်း၌ သင်တန်းသားများ လက်တွေ့သင်ယူနေသော လက်ရက်ကန်း၊ စက်ရက်ကန်းလုပ်ငန်းများကို ကြည့်ရှုအားပေးပြီး သင်တန်းသား/သူများအတွက် ထောက်ပံ့ငွေများ ပေးအပ်ကာ သင်တန်းသား အိပ်ဆောင်များကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ပြည်နယ်ရုံးတွင် ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေများနှင့်အညီ လိုက်နာနေထိုင်ရေး၊ ဝန်ကြီးဌာန၏ မူဝါဒ၊ ရည်မှန်းချက်၊ ရည်ရွယ်ချက်များ အောင်မြင်အောင် ပူးပေါင်းဆောင်ရွက်ကြရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်