နေပြည်တော် နိုဝင်ဘာ ၉

 

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ကင်မလင်းချောင်း ကျေးရွာသို့ရောက်ရှိပြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေဖြင့် အမှတ် (၄) လမ်းမှ ကင်မလင်းချောင်းကျေးရွာသို့ ဆက်သွယ်သောလမ်း ပေ (၁၉၀၀) ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးကာ ကျန်ရှိနေသောလမ်းပိုင်းအား ဆက်လက်ဆောင်ရွက်ပေးနိုင်ရေး မှာကြားသည်။

 

ဆက်လက်ပြီး ဒုတိယဝန်ကြီးသည် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း VDP ရန်ပုံငွေနှင့် ကျေးရွာလူထု ထည့်ဝင်ငွေတို့ဖြင့် ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးသည်။ အဆိုပါ လမ်းသည် အိမ်ခြေ (၁၅၀)၊ လူဦးရေ (၇၆၃) ဦး၊ စိုက်ပျိုးမြေ (၁၀၆) ဧကကို အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း သိရသည်။

 

ထို့နောက် ဒုတိယဝန်ကြီးသည် ကျေးရွာခန်းမတွင် ဝန်ထမ်းများ၊ ဒေသခံပြည်သူများနှင့်တွေ့ ဆုံကာ လက်ရှိစိုက်ပျိုးနေသော လယ်မြေဧက (၇၀) တွင် အထွက်တိုးစပါးမျိုးများ ပြောင်းလဲ စိုက်ပျိုးကြရေး၊ စိုက်ပျိုးရေး သမဝါယမအသင်းများ ဖွဲ့စည်း၍ နိုင်ငံ့စီးပွား မြှင့်တင်ရေးစီမံကိန်းတွင် ပါဝင်ဆောင်ရွက်ကြရေး၊ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၏ အသေးစားကုန်ထုတ် လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းဖြင့် သင်တန်းများ ဖွင့်လှစ်ပေးရေးမှာကြားကာ ဒေသခံပြည်သူများ၏ သောက်သုံးရေရရှိရေးနှင့် ကျေးရွာတွင်း လမ်းဖောက်လုပ်ပေးရေး တင်ပြချက်များအပေါ် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်