နေပြည်တော် ဇူလိုင် ၁၂
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများ နှင့်အတူ ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ်ရှိ လူငယ့်အားမာန် စိုက်ပျိုးရေးနှင့် လုပ်ငန်းစုံ သမဝါယမအသင်း လီမိတက်သို့ သွားရောက်ပြီး အသင်းအမှုဆောင်များ၊ အသင်းသား တောင်သူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် လူငယ့်အားမာန် စိုက်ပျိုးရေးနှင့် လုပ်ငန်းစုံသမဝါယမအသင်းလီမိတက်အသင်း အမှုဆောင်များက မိုးစပါးစိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက ပဲခူးတိုင်းဒေသကြီး အတွင်း စံပြစိုက်ပျိုးရေးနှင့် မွေးမြူရေးသမဝါယမအသင်းဖြစ် အောင် ကြိုးစားဆောင်ရွက်ရန်၊ မိုးစပါးရာသီတွင် ပန်းတိုင်အထွက်နှုန်းရရှိအောင် ရည်မှန်းဆောင်ရွက်ရန်၊ လက်ရှိ စိုက်ဧကများထဲမှ အနည်းဆုံး ဧက ၅၀ ကို အဆင့်မြင့်လယ်ယာမြေ ဖော်ထုတ်ရန်နှင့် ဆီထွက်သီးနှံစိုက်ပျိုးရေးကိုလည်း လျာထားဆောင်ရွက်ရန် ဆွေးနွေး မှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အသင်းမှဆောင်ရွက်နေသည့် GW-11 အထွက် တိုးစပါးမျိုးများ ပျိုးထောင်ထားမှု၊ အသင်းပိုင်ဒေသနွားမျိုး ကောင်ရေ (၄၀) မွေးမြူထားမှု၊ နွားစာ အတွက် နေဗီယာမြက်(၃)ဧက စိုက်ပျိုးထားမှုတို့ကို ကြည့်ရှုစစ်ဆေးကာ လုပ်ငန်းလိုအပ်ချက်များ အပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် ပဲခူးမြို့ရှိ ရှင်စောပုခန်းမ၌ သမဝါယမ အသင်းအမှု ဆောင်များ၊ မြို့မိမြို့ဖများ၊ တောင်သူလယ်သမားများ၊ အသင်းသား တောင်သူများနှင့် တွေ့ဆုံပြီး အထွက်တိုးမျိုးများကို ပြောင်းလဲစိုက်ပျိုးရန်၊ သက်ဆိုင်ရာ စိုက်ပျိုးရေးဦးစီးဌာနကလည်း နည်းပညာများ ဖြန့်ဝေပေးရန်နှင့် ဓာတ်မြေဩဇာနှင့် သဘာဝ မြေဩဇာများ ရောနှောအသုံးပြုရန် ဆွေးနွေးမှာကြားကာ အသင်းသားတောင်သူများနှင့် တောင်သူလယ်သမား များ၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း လိုအပ်ချက်တင်ပြမှုများအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)