နေပြည်တော် ဇွန် ၁၃
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်သူဦး၊ တာဝန်ရှိသူများနှင့်အတူ မြို့သစ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ကျင်းပသည့် အသက်မွေးဝမ်း ကျောင်းအထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ဒုတိယဝန်ကြီးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးတို့က ထူးချွန်ဆုရ သင်တန်းသူများကို ဆုများပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မြို့သစ်မြို့ သမဝါယမဦးစီးဌာနရုံး၌ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနလေးခုမှ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ဒုတိယဝန်ကြီးက အမှာစကားကြားပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ စက်ယန္တရား ပံ့ပိုးကူညီမှုဖြင့် ကျေးရွာလူထုက ကိုယ့်အားကိုယ်ကိုး ဆောင်ရွက်နေသော ပေပင်ရိုး-ပုဂံမျှော် ကျေးရွာချင်းဆက်လမ်း ကျောက်ချောခင်းနေမှုကို ကြည့်ရှုအားပေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မြို့သစ်မြို့နယ် မြေပြင်သာကျေးရွာ စိတ္တသုခ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ မြေသာပြင်ကျေးရွာအုပ်စုအတွင်းမှ မြေပြင်သာ၊ သန်းကုန်း၊ ပင်းစု၊ အောင်မြင်သာ၊ အောင်သပြေ ကျေးရွာ (၅) ရွာမှ မိုးစပါးစိုက်တောင်သူများ၊ ဝါစိုက်တောင်သူများ၊ ဆီထွက်သီးနှံစိုက် တောင်သူများနှင့်တွေ့ဆုံ၍ သီးနှံအလိုက် အထွက်နှုန်းတိုးရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး၊ မျိုးနှင့် ဓာတ်မြေဩဇာ သွင်းအားစုများ အချိန်မီပံ့ပိုးပေးနိုင်ရေး၊ စိုက်နည်းစနစ်များ မှန်ကန်ရေးမှာကြားပြီး တိုင်းဒေသကြီးဝန်ကြီးက မကွေးတိုင်းဒေသကြီးအတွင်း ဆောင်ရွက်နေသော စိုက်ပျိုးရေးလုပ်ငန်းဆိုင်ရာများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျေးရွာ (၅) ရွာမှ တောင်သူများ၏ ဒေသဖွံ့ဖြိုးရေး တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးပြီး မြေပြင်သာကျေးရွာရှိ လုပ်ငန်းရှင် ဦးစောကျော်ခိုင်၏ အောင်နိုင်သူဝါကြိတ်စက်သို့ သွားရောက်ကြည့်ရှုအားပေးပြီး အဆင့်မီဝါများ ကြိတ်ခွဲနိုင်ရေးအတွက် လိုအပ်သည်များညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
Breaking News


