ဒုတိယဝန်ကြီး ဦးမြင့်စိုး မကွေးတိုင်းဒေသကြီးအတွင်း နှမ်းရိုးအခြေခံ သဘာဝမြေဩဇာထုတ်လုပ်နေမှု အားပေးကြည့်ရှု

နေပြည်တော် ဒီဇင်ဘာ ၉

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး သည် တာဝန်ရှိသူများ နှင့်အတူ ယမန်နေ့ နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်၊ ချောင်းကောက်ကျေး ရွာသို့သွားရောက်ပြီး အောင်ကောင်းမြတ် လယ်ယာကုန်ထုတ်နှင့် အထွေထွေ စီးပွားရေးလုပ်ငန်း သမဝါယမအသင်းက ဆောင်ရွက်နေသော နှမ်းရိုးအခြေခံ သဘာဝမြေဩဇာထုတ်လုပ်နေမှုကို ကြည့်ရှုအားပေးပြီး ဒုတိယဝန်ကြီးက အသင်းအနေဖြင့် နှမ်းရိုးအခြေခံသဘာဝ မြေဩဇာ ထုတ်လုပ်ရာတွင် အကျိုးအမြတ်ကို အဓိကမထားဘဲ ဒေသခံတောင်သူများ၏ စိုက်ခင်းများသို့ အရောက်သွားပြီး တောင်သူပိုင် နှမ်းရိုးများ၊ နွားချေး၊ ဖွဲကြမ်း၊ ဖွဲနုတို့ကို အသုံးပြုပြီး တင်လဲရည်၊ EM ဖျော်ရည်များဖြင့် သဘာဝမြေဩဇာများ ထုတ်လုပ်နိုင်အောင် ကြိုးပမ်းဆောင်ရွက်ရန်တိုက်တွန်း မှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် နှမ်းရိုးအခြေခံ သဘာဝမြေဩဇာထုတ်လုပ်မှု လုပ်ငန်းစဉ် အဆင့်ဆင့် နှင့် အသင်းပိုင်နွားမွေးမြူရေးခြံတို့ကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ဆင်ပေါင်ဝဲမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် သမန်းကြီး-ကုက္ကိုစမ်း-ညံတောအင်း ကျေးရွာချင်းဆက် လမ်း ၃ မိုင် ၆ ဖာလုံ မြေနီခင်းခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေးပြီး ၎င်းမြေနီလမ်းနှင့် ကုက္ကိုစမ်းကျေးရွာ ဆက်လမ်းအရှည် (၁) မိုင်ကို ဆက်လက်လျာထားဆောင်ရွက်ပေးရန်၊ သမန်းကြီးကျေးရွာတွင် ဆီထွက်သီးနှံဧက (၆၀၀၀) ကျော်နှင့် သပြေစမ်းကျေးရွာတွင် ဆီထွက်သီးနှံဧက (၄၀၀၀) ကျော် ရှိသဖြင့် စိုက်ပျိုးရေးသမဝါယမအသင်းများ ဖွဲ့စည်းစိုက်ပျိုးကြရန် မှာကြားကာ လုပ်ငန်းလိုအပ်ချက်များအပေါ် ပေါင်းစပ်ဖြည့်ဆည်း‌ ဆောင်ရွက်ပေးသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ဆင်ပေါင်ဝဲမြို့တွင် တာဝန်ထမ်းဆောင်နေသော ဝန်ကြီး ဌာနအောက် ဝန်ထမ်းများနှင့်တွေ့ဆုံကာ တာဝန်ရှိသူအဆင့်ဆင့်က ဝန်ထမ်းသက်သာချောင်ချိရေး ကိစ္စရပ်များအပေါ် အလေးထားဆောင်ရွက်ပေးရန်၊ ဝန်ထမ်းတစ်ဦးချင်း မိမိဘဝ တိုးတက်ရေးအတွက် ကြိုးစားဆောင်ရွက်ကြရန်၊ အထက်အောက်အပြန်အလှန်လေးစားမှုဖြင့် ဌာနတွင်း စည်းလုံးညီညွတ် ရေးကို တည်ဆောက်ကြရန် မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် မကွေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန၏ ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ် တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေဖြင့် ပေပင်စမ်းကျေးရွာ သောက်သုံးရေ ရရှိရေးအတွက် ရေဂါလံ(၂၄၀၀)ဆံ့ စင်မြင့်ရေစင်တည်ဆောက်ပြီး ပေ(၇၀၀) စက်ရေတွင်းနှင့် ဆိုလာရေတင်စနစ်ဖြင့် ရေဖြန့်ဝေခြင်းလုပ်ငန်းများ၊ မကွေးမြို့ သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေး ပညာသင်တန်းကျောင်း RC ၂ ထပ် စာသင်ဆောင်၊ ၄ ခန်းတွဲ ၂ ထပ် သင်တန်း သားအိပ်ဆောင်၊ ၄ ခန်းတွဲ ၂ ထပ် သင်တန်းသူအိပ်ဆောင်၊ ပေ ၄၀၀ စက်ရေတွင်းတူးဖော်ခြင်းနှင့် ဂါလံ (၁၀၀၀၀) ဆံ့ရေစုကန် ဆောက်လုပ်နေမှုတို့ကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။ ယင်းနောက်သင်တန်း ပထမနှစ်နှင့် ဒုတိယနှစ်တွင် တက်ရောက် ပညာသင်ယူနေကြသော သင်တန်းသားများ၊ သင်တန်းသူများကို တွေ့ဆုံအားပေး စကားပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် အား သွားရောက်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် နှမ်းရိုးအခြေခံသဘာဝ မြေဩဇာ ထုတ်လုပ်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ ညှိနှိုင်းမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်