နေပြည်တော်၊ အောက်တိုဘာ၂၀
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယမန်နေ့ နံနက်ပိုင်းတွင် ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း မက်မန်းမြို့ရှိ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန ရုံးသို့သွားရောက်၍ ဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကားပြောကြား၍ ဝန်ထမ်းများအတွက် ထောက်ပံ့မှုများ ပေးအပ်ကာ ရုံးအဆောက်အဦ မြေထိန်းနံရံ တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မက်မန်းမြို့ ပညာဒိပဘုန်းတော်ကျောင်းသို့ သွားရောက်၍ ဆရာတော်ကြီးအား ဖူးမျှော်ကာ သင်္ကန်း၊ နဝကမ္မ၊ အလှူငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး မင်းရန်အောင် စေတီတော်အား ဖူးမျှော်ကြည်ညိုကြသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် မက်မန်းမြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံ၍ မက်မန်းဒေသတွင်း သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးဝန်ကြီးဌာနက ဆောင်ရွက်ပေးနေသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ရှင်းလင်း ပြောကြားကာ ဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများပေးအပ်သည်။

ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် ကျိုင်းတုံမြို့ နမ့်ခင်းချောင်းဆိုလာစိုက်ပျိုး ရေတင်စနစ်ဖြင့် မိုးစပါးဧက (၆၀) စိုက်ပျိုးနေမှုကို ကြည့်ရှုစစ်ဆေးကာ တောင်သူများနှင့်တွေ့ဆုံ၍ လာမည့်ဆောင်းသီးနှံ ဟင်းသီးဟင်းရွက်များ စိုက်ပျိုးရန်၊ နွေစပါးစိုက်ဧက (၄၀) အတွက် အထွက်တိုး စပါးမျိုးများ စိုက်ပျိုးကြရန်၊ ဆီထွက်သီးနှံများကိုလည်း အောင်မြင်အောင် ဆက်လက် စမ်းသပ်စိုက်ပျိုးကြရန်မှာကြားသည်။
ထိုမှတဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ယန်းလောခေတ်မီ စံပြကျေးရွာ (Smart Village) သို့ ရောက်ရှိရာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကျိုင်းတုံခရိုင်ဦးစီးမှူး ဦးဝင်းနိုင်က ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာနှစ်အတွင်း စံပြကျေးရွာအတွက် ဆောင်ရွက်ပေးခဲ့သော ကွန်ကရစ်လမ်းများ ဖောက်လုပ်ပေးမှု အခြေအနေ၊ (VDP) ရန်ပုံငွေဖြင့် လုပ်ငန်းများ ဆောင်ရွက်နေမှု၊ ကျေးလက်စီးပွား မြှင့်တင်ရေး ရန်ပုံငွေစီမံကိန်း (RBF) ဖြင့် ဆောင်ရွက်နေသော မွေးမြူရေးလုပ်ငန်းများကို ရှင်းလင်း တင်ပြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ပေးသည်။
ယင်းနောက် အသေးစားစက်မှုလက်မှု ဦးစီးဌာန၏ အသေးစား ကုန်ထုတ်လုပ်မှုများဖန်တီး ပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးစီမံကိန်းအရ ဖွင့်လှစ်ခဲ့သော သင်တန်းများတွင် ထူးချွန်ဆုရသူများအား လုပ်ငန်းသုံးပစ္စည်း ထောက်ပံ့ပေးအပ်ခြင်း အခန်းအနားကို အဆိုပါခန်းမ၌ ဆက်လက်ကျင်းပပြီး ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ယန်းလောကျေးရွာ အပ်ချုပ်စက် သင်တန်းတွင် ထူးချွန်ဆုရသူ (၅) ဦးကို အပ်ချုပ်စက်၊ ဘီတင်စက်၊ ဒါးစက်၊ ထုပ်ရိုက်စက်နှင့် မီးပူအပါအဝင် ပစ္စည်း (၇) မျိုးစီကိုလည်းကောင်း၊ ယန်းကျိန် ကျေးရွာဝါးလက်မှုထည် သင်တန်းမှ ထူးချွန်သူ (၅) ဦးကို ဝါးဖြတ်စက် (Miter Saw)၊ ကော်ပတ်အထိုင်စက် (Sandar) ၊ Power Art Motor၊ ဝါးပြုတ်ရန်စတီးကန်၊ လက်ကိုင်ဖောက်စက်၊ လက်ကိုင်ဖြတ်စက်၊ ဝါးဖြတ်ခုံ၊ ဦးထုပ်ခေါင်းချိုးမိုတို့ကိုလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ရာ သင်တန်းသူများက လက်ခံ ရယူကြသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ကျေးလက်စီးပွား မြှင့်တင်ရေးရန်ပုံငွေ စီမံကိန်း (RBF) ဖြင့် ဆောင်ရွက်နေသော ငါးမွေးမြူရေးကန်များကိုလည်းကောင်း၊ ဒေသမျိုးဝက်ခြံကိုလည်းကောင်း၊ သွားရောက်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်