နေပြည်တော် နိုဝင်ဘာ ၂၅
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုး သည် တာဝန်ရှိသူများ နှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ သို့ရောက်ရှိပြီး တောင်ကြီးမြို့နယ် သမဝါယမအသင်းစု၏ အသင်းအချင်းချင်း ပံ့ပိုးငွေဖြင့် နွားမွေး မြူရေးလုပ်ငန်းဆောင်ရွက်နေသော “ခမ်း”ရတနာ နွားမွေးမြူရေးနှင့် အထွေထွေသမဝါယမ အသင်းအား ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက စုဆောင်းရရှိထားသော နွားချေးများကို သဘာဝ မြေဩဇာအဖြစ် ထုတ်လုပ်သုံးစွဲရန်၊ နွားစာမြက် (၁၀) ဧက စိုက်ပျိုးမှုကို အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်ရန်၊ အသင်းအနေဖြင့် ဝက်မျိုးကောင်းမျိုးသန့်များကိုပါ မွေးမြူနိုင်ရေး ညှိနှိုင်းဆောင်ရွက် သွားရန်မှာကြားပြီး အသင်းသားများ၏ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းလိုအပ်ချက်များကို ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌ ဦးခွန်ရဲထွေး၊ တာဝန်ရှိသူများနှင့်အတူ ဆီဆိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့် တွေ့ဆုံကာ မိမိတို့ဝန်ကြီးဌာန၏ မူဝါဒနှင့် လုပ်ငန်းစဉ်များကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရေး၊ ဝန်ထမ်းသက်သာ ချောင်ချိရေးအတွက် တာဝန်ရှိသူ အဆင့်ဆင့်က အလေးထားဆောင်ရွက်ရေး မှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ဆီဆိုင်မြို့နယ် ဆိုက်ခေါင်ကျေးရွာရှိ ဦးကျော် ကိုကိုထိုက်၏ ဒိုလိုမိုက်နှင့် ဂျစ်ပဆန်အခြေခံ မိုင်းစိတ်သဘာဝမြေဩဇာစက်ရုံအား သွားရောက် ကြည့်ရှုအားပေးပြီး လုပ်ငန်းများအောင်မြင်ရေး လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ် ဆောင်ရွက် ပေးကာ စက်ရုံအတွင်း လေ့လာကြသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဆီဆိုင်မြို့နယ် နောင်မွန်ကျေးရွာသို့ ရောက်ရှိပြီး သမဝါယမဦးစီးဌာန၏ Pilot Project အဖြစ် ရွှေပဒေသာ လယ်ယာစိုက်ပျိုးရေးနှင့် အထွေထွေ စီးပွားရေး သမဝါယမအသင်းက မိုးစပါးဧက (၁၅၀) စိုက်ပျိုးခဲ့သည့် အသင်းသားများနှင့် တွေ့ဆုံ၍ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ သဘာဝမြေဩဇာများ ပေါင်းစပ်အသုံးပြုရေး၊ ဆောင်းသီးနှံနေကြာနှင့် မြေပဲကို တိုးချဲ့စိုက်ပျိုးရေး မှာကြားကာ အသင်းသားများ၏ ဝက်မွေးမြူရေးလုပ်ငန်းတိုးချဲ့ ဆောင်ရွက်လိုမှု တင်ပြချက်အပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် တောင်ကြီးမြို့ ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးသို့ရောက်ရှိပြီး ခရိုင်၊ မြို့နယ်အဆင့် ဝန်ထမ်းများနှင့် တွေ့ဆုံကာ လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။
ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ရုံး၌ တွေ့ဆုံပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ပင်လောင်းဒေသ၊ ပင်းတယဒေသ၊ ဟဲဟိုးဒေသ၊ တောင်ကြီးမြို့နယ် နောင်ကားဒေသများ၌ မွေးမြူရေးသမဝါယမ အသင်းများ ဖွဲ့စည်း၍ ဒေသနွား မျိုးများ မွေးမြူထားရှိမှု အခြေအနေ၊ ဝက်မျိုးကောင်းမျိုးသန့်များ တိုးချဲ့မွေးမြူရေး ဆောင်ရွက်သွားမည့်အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်