ဒုတိယဝန်ကြီး ဦးမြင့်စိုး ရမည်းသင်း၊ ဝမ်းတွင်း၊ ကျောက်ဆည်မြို့နယ်များမှ ဝါစိုက်တောင်သူများနှင့် တွေ့ဆုံ

နေပြည်တော် မတ် ၂၈

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး သည် တာဝန်ရှိသူများ နှင့်အတူ ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ ဆည်ကြီးကျေးရွာသို့ သွားရောက်ပြီး ကျေးရွာအုပ်စုအတွင်းမှ ဝါစိုက်တောင်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက မန္တလေးတိုင်းဒေသကြီးအတွင်း၌ ရမည်းသင်းမြို့နယ်သည် ဝါအများဆုံး စိုက်ပျိုးသည့် ဒေသဖြစ်ပြီး မိုးကြိုရာသီ၊ မိုးရာသီ၊ မိုးနှောင်းရာသီ စိုက်ဧက (၄၃,၀၀၀) ကျော် ရှိသဖြင့် ၁ ဧက အထွက်နှုန်းတိုးရန်အတွက် လိုအပ်သည့် မျိုးကောင်းမျို့သန့် ရရှိရေး၊ သွင်းအားစုများ ကူညီပံ့ပိုး ပေးနိုင်ရေး၊ လက်ရှိ ဝါကြိတ်လုပ်ငန်းဆောင်ရွက်နေသည့် ဝါကြိတ်စက်များအပြင် ထွက်ရှိလာသော ဝါများကို အရည်အသွေးပြည့်မီစွာ ကြိတ်ခွဲပေးနိုင်ရေး၊ ဝါစေ့ဆီနှင့် တိရစ္ဆာန်အစားအစာအတွက်ပါ ရည်မှန်း၍ ကြိတ်ခွဲနိုင်သည့်စက်များ ပေါ်ပေါက်လာ စေရေးတို့အတွက် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးရေး၊ စိုက်ပျိုးရေ လိုအပ်ချက်များ ရှိနေ၍ နည်းလမ်းပေါင်းစုံဖြင့် ရေပေးနိုင်ရေးအတွက် ကွင်းဆင်းကူညီဆောင်ရွက် ပေးရေး၊ တောင်သူများအနေဖြင့် ထွက်ရှိလာ သည့် ဝါများအပေါ် ဈေးကွက်မှန်ကန်စွာ ချိတ်ဆက်မိ ရန်အတွက် စိုက်ပျိုးသည့်လုပ်ငန်းမှစ၍ ကြိတ်ခွဲထုတ်လုပ်သည့်လုပ်ငန်းအထိ သမဝါယမအသင်းများ ဖွဲ့စည်းဆောင်ရွက်သွားရန် ညှိနှိုင်းဆွေးနွေး မှာကြားသည်။

ယင်းနောက် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက ရမည်းသင်းမြို့နယ်အတွင်း စိုက်ပျိုး နေသည့် ဝါအမျိုးအစားများ၊ မျိုးကောင်းရရှိရေး ဆောင်ရွက်နေမှုများ၊ သဘာဝမြေဩဇာ ထည့်သွင်း အသုံးပြုရန် စီစဉ်ဆောင်ရွက်နေမှုနှင့် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇင်လတ်က စက်မှုကုန်ကြမ်း သီးနှံဝါမှ အဆင့်မြင့်ထုတ်ကုန်များ ထုတ်လုပ်‌ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းပြောကြားရာဒုတိယဝန်ကြီးက ဝါစိုက်တောင်သူများ၏ လုပ်ငန်းလိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ဝန်ကြီးဌာနအောက် ခရိုင်အဆင့် တာဝန်ရှိသူများနှင့် တွေ့ဆုံကာလုပ်ငန်းများ အခန်းကဏ္ဍအလိုက် အောင်မြင်‌အောင် ကြိုးစားဆောင်ရွက်ကြရန် မှာကြားသည်။


ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် ဝမ်းတွင်းမြို့နယ်ရှိ စိုက်ပျိုးရေးဦးစီးဌာန၏ ရွှေတောင် ဝါသီးနှံသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံသို့ ရောက်ရှိပြီး ဝါစိုက်တောင်သူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ လတ်တလော တွေ့ရှိချက်များအရ ဝါစိုက်ပျိုးရေးလုပ်ငန်းအတွက် အဓိကလိုအပ်နေသည်မှာ သွင်းအားစုလိုအပ် ချက်ဖြစ်သည်ဟု တွေ့ရှိရကြောင်း၊ ယင်းအတွက် စိုက်ပျိုးရေးသမဝါယမအသင်းများ ဖွဲ့စည်း၍ ကူညီပံ့ပိုးပေးမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေလိုအပ် ချက်များကိုလည်း သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပေါင်းစပ်၍ ကွင်းဆင်းဆောင်ရွက်ပေး မည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ကျောက်ဆည်မြို့နယ် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနတွင် လုပ်ငန်းမှတ်ပုံတင်ကာ နို့နှင့် ဒိန်ချဉ်ထုတ်လုပ်နေသော ဒီနေလင်း စားသောက်ကုန် လုပ်ငန်းကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် ကျောက်ဆည်မြို့နယ် ဖျောက်ဆိပ်ပင်ကျေးရွာသို့ သွား ရောက်ပြီး ဝါစိုက်တောင်သူများနှင့် တွေ့ဆုံကာ ဒေသခံတောင်သူများ၏ ဝါစိုက်ပျိုးရေးလုပ်ငန်းနှင့် ဒေသဖွံ့ဖြိုရေး လုပ်ငန်း လိုအပ်ချက်များ တင်ပြမှုအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။ မန္တလေးတိုင်း ဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဝါစိုက်ဧက (၁၄,၀၀၀) ကျော်ရှိပြီး ရာသီအ လိုက် အချိန်မီ စိုက်ပျိုးနိုင်ရေးနှင့် သွင်းအားစုများ ရရှိရေး တာဝန်ရှိသူများအား ညှိနှိုင်းမှာကြား ကာ ကျောက်ဆည် မြို့နယ် သမဝါယမအသင်းစု၏ သဘာဝမြေဩဇာနှင့် စိုက်ပျိုးရေးကုမ္ပဏီများ၏ သွင်းအားစုများ ခင်းကျင်းပြသထားမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်