နေပြည်တော် ဒီဇင်ဘာ ၂၁
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ခေတ်မီစံပြကျေးရွာအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် အိမ်ခြေ (၅၃၃) အိမ်၊ လူဦးရေ (၁၉၉၈) ဦးရှိ ရမည်းသင်းမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာသို့ သွားရောက်၍ ကျေးရွာ ကော်မတီဝင်များ၊ ကျေးရွာသူကျေးရွာသားများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဒုတိယဝန်ကြီးကကျေးရွာတွင် လယ်မြေ (၁၀၈၅) ဧက၊ ယာမြေ (၉၁၈ဒသမ၁) ဧကရှိသည့်အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းတွင် ပါဝင်၍ မိုးစပါးစိုက်ပျိုးရေး၊ ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးရေးတို့ကို အောင်မြင်အောင်ဆောင်ရွက်ရန်၊ ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းစီမံကိန်း RBF ရန်ပုံငွေဖြင့် ဆောင်ရွက်ထားသော ဝက် ၆၈ ကောင်မွေးမြူရေး လုပ်ငန်းကို တိုးချဲ့ဆောင်ရွက်ရန် မှာကြားပြီး ကျေးရွာလူထု၏ ကုန်ထုတ်လမ်းဖောက်လုပ်ပေးရေးနှင့် ရေမြောင်းဖောက်လုပ်ပေးရေး တင်ပြချက်များအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ကျေးလက်စီးပွားမြင့်မာရေး ရန်ပုံငွေထူထောင်ခြင်းစီမံကိန်း RBF ရန်ပုံငွေဖြင့် ဝက်မွေးမြူထားမှုကိုလည်းကောင်း၊ ကျေးရွာတွင်းလမ်း ပေ ၅၅၀ ကွန်ကရစ်ခင်းခြင်းနှင့် ပေ ၉၀၀ ရေမြောင်းအုတ်စီခြင်း လုပ်ငန်းတို့ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။ အဆိုပါစံပြကျေးရွာအတွက် သောက်သုံးရေရရှိရေး လုပ်ငန်းကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် အနက်ပေ ၆၀၀ စက်ရေတွင်းတူးဖော်ခြင်းနှင့် ရေဂါလန် (၂၄၀၀) ဆံ့ အမြင့်ရေစင် တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် ရမည်းသင်းမြို့နယ်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်နေသာ ရွာတန်း-သဲကျွန်း-ရွှေဒါးလမ်း ကျောက်ချောခင်းခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေးပြီး ကျေးရွာသားများ၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း တင်ပြချက်များအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက နိုဝင်ဘာလတွင် ဖွင့်လှစ်ခဲ့သည့် တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းသို့ တက်ရောက်ခဲ့ပြီး ကိုယ်တိုင်ကလည်း စပျစ် ၄ ဧက စိုက်ပျိုးကာ စပျစ်ဝိုင်ထုတ်လုပ်နေသော လုပ်ငန်းရှင် ဒေါ်စိုးစိုးမော်၏ လုပ်ငန်းဆောင်ရွက်နေမှုကို လည်းကောင်း၊ ကိုယ်တိုင် စပျစ် ၂ ဒသမ ၅ ဧက စိုက်ပျိုးပြီး ဝိုင်ထုတ်လုပ်နေသော လုပ်ငန်းရှင် ဦးခင်မောင်ဇော်၏ လုပ်ငန်းကိုလည်းကောင်း ကြည့်ရှုအားပေးကာ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်