နေပြည်တော် မတ် ၅
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေမျိုးအောင်နှင့်အတူ ယနေ့မွန်းလွဲပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ အုန်းပင်စုကျေးရွာသို့ သွားရောက်၍ ကျေးရွာသူကျေးရွာသားများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့်တွေ့ဆုံပြီး ဒုတိယဝန်ကြီးက ကျေးရွာကုန်ထုတ်လမ်း ဆောင်ရွက်ပေးထားပြီးဖြစ်၍ သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ နေကြာအပါအဝင် ဆီထွက်သီးနှံများ စိုက်ပျိုးရေး၊ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းပေါများရေးနှင့် မိသားစုဝင်ငွေတိုးရေး စီမံကိန်းသင်တန်းများ ဖွင့်လှစ်ပေးရေးမှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် မဲခေါင်-လန်ချန်းနိုင်ငံများအကြား ကျေးရွာအဆင့် ဆင်းရဲမှုလျော့ချရေးစီမံကိန်း လုပ်ငန်းများဖြစ်သော Home Garden စိုက်ခင်းများကိုလည်းကောင်း၊ ပေ ၃၈၀၀ ကုန်ထုတ်လမ်း ဖောက်လုပ်ပြီးစီးမှုကိုလည်းကောင်း၊ ရေဂါလံ (၂၄၀၀) ဆံ့ အမြင့်ရေစင် တည်ဆောက်ခြင်းနှင့် ရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းကို လည်းကောင်း၊ Green House စနစ်၊ Net House စနစ်ဖြင့် စိုက်ပျိုးထားမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားသည်။
ထိုမှတဆင့် ဒုတိယဝန်ကြီးသည် ဝါးခယ်မမြို့နယ်၊ ကြာဖြူကျေးရွာသို့ သွားရောက်၍ ဝါးခယ်မ၊ မြောင်းမြ၊ အိမ်မဲမြို့နယ်များမှ နေကြာစိုက် တောင်သူများနှင့် တွေ့ဆုံဆွေးနွေးကာ လာမည့်နေကြာ စိုက်ရာသီ၌ ရေဆင်းစပ်မျိုး-၁ နေကြာမျိုးအပြင် အထွက်နှုန်းကောင်းသော ရုရှား နေကြာမျိုးများကိုလည်း စိုက်ပျိုးသွားကြရေး မှာကြားပြီး နေကြာစိုက်တောင်သူများ၏ လုပ်ငန်းလိုအပ်ချက်များ တင်ပြမှုအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ကြာဖြူကျေးရွာရှိ ရွှေကြာဖြူ (၁) စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းမှ တောင်သူဦးဝင်းဘို၏ လယ်ယာမြေတွင် စမ်းသပ် စိုက်ပျိုးထားသော ရုရှားနေကြာမျိုးများဖြစ်သည့် အန်တူတအော်(ANTUTA OR)၊ ဗော်ကန် အော်(VULKAN OR)၊ ဂျိုယာ(JOYA)၊ ဟစ်ပိုလိုက်(HIPPO LIKE)၊ မာဟွမ်းကေအယ်လ်ပီ (MAHAON KLP)၊ စဗျက်တလာနာကေအယ်လ်ပီ(SVETLALA KLP) မျိုး (၆) မျိုး ခူးဆွတ်ရိတ်သိမ်းနေမှုကို ကြည့်ရှုအားပေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ဝါးခယ်မမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ကြာဖြူကျေးရွာကုန်ထုတ်လမ်း အရှည်ပေ (၁၃၂၀) ဖောက်လုပ်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်