နေပြည်တော် ဇန်နဝါရီ ၃၀
သစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင်ကဏ္ဍဆိုင်ရာ သုတေသနအကြံပေးကော်မတီ စတုတ္ထ အကြိမ်မြောက် အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်၊ ရုံးအမှတ်(၃၉)၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေး မှူးချုပ်ရုံး၊ အင်ကြင်းခန်းမတွင် ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ပါမောက္ခချုပ်၊ ဒုတိယညွှန်ကြားရေး မှူးချုပ်များ၊ သုတေသီများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဉီးစွာ ဒုတိယဝန်ကြီး ဦးမင်းသူက နိုင်ငံတော်၏ သဘာဝသယံဇာတ အရင်းအမြစ်များဖြစ်သည့် သစ်တောသယံဇာတ၊ သတ္တုသယံဇာတ၊ ကောင်းမွန်သော သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ် ဝန်ဆောင်မှုများကို လက်ရှိနှင့် အနာဂတ်တွင် နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် အကျိုးအရှိဆုံး ဖြစ်အောင် စနစ်တကျစီမံအုပ်ချုပ်အသုံးချနိုင်မည့် စနစ်များချမှတ်ရာတွင် သုတေသန ဖွံ့ဖြိုးတိုး တက်ရေးသည် အရေးပါသည့်ကဏ္ဍတွင် ရောက်ရှိနေကြောင်း၊ သစ်တောသုတေသနဌာန တည်ထောင်ခဲ့ သည့် သက်တမ်းသည် နှစ်ပေါင်း ၄၀ ကျော်ကြာမြင့်ခဲ့ပြီဖြစ်ပြီး သစ်တောသုတေသန ဌာနမှ စာတမ်းပေါင်း (၄၀၃)စောင်၊ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်နှင့် အခြားလုပ်ငန်း/ ဌာနများမှသုတေသန စာတမ်း ပေါင်း(၁၅၈)စောင်၊ စုစုပေါင်း(၅၆၁)စောင်ကိုထုတ်ဝေနိုင်ခဲ့ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် သစ်တောနှင့် ဓာတ်သတ္တု သယံဇာတများရေရှည်တည်တံ့စေရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် လူမှုစီးပွားရေရှည် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အရည်အသွေး ပြည့်မီသော လက်တွေ့အသုံးချ သုတေသနလုပ်ငန်းများ ဆောင်ရွက်ရန်နှင့် အချို့သော သုတေသနလုပ်ငန်းများအတွက် သတ္တုကဏ္ဍနှင့် သစ်တောကဏ္ဍ ပူးပေါင်းဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ရာသီဥတုပြောင်းလဲမှုနှင့် ပတ်ဝန်းကျင်ဆိုင်ရာပြဿနာများကို ဖြေရှင်းနိုင်မည့် သုတေသနများ၊ သတ္တုကဏ္ဍတွင်လည်း ပတ်ဝန်းကျင်ထိခိုက်မှုလျော့နည်းစေ၍ ရေရှည်တည်တံ့စေမည့် ဒီဇိုင်းများရေးဆွဲဆောင်ရွက်ရန် လိုအပ်သည့်အတွက်ယခုကျင်းပသည့် စတုတ္ထ အကြိမ်မြောက် သစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ သုတေသနအကြံပေးကော်မတီ အစည်းအဝေးကို တက်ရောက်လာကြသည့် ဌာနဆိုင်ရာအကြီးအကဲများက ဝိုင်းဝန်းဆွေးနွေး အကြံပြုပေးစေလိုကြောင်း တိုက်တွန်းပြောကြားသည်။
ဖေဖော်ဝါရီ(၂၁)ရက်မှ (၂၃)ရက်အထိ ကျင်းပမည့် (၃၅)ကြိမ်မြောက် သစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲတွင်လည်း ဝန်ကြီးဌာနအတွင်းရှိ တက္ကသိုလ်၊ လုပ်ငန်း၊ ဌာနများမှ စာတမ်းပေါင်း (၂၉)စောင်ကို ဖတ်ကြားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)


