နေပြည်တော် ဇန်နဝါရီ ၁၀
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းထိန်သည် ဇန်နဝါရီ ၇ ရက် မွန်းလွဲပိုင်းက တောင်ပေါ်ဒေသ လမ်းဆောက်လုပ်ရေး ကုမ္ပဏီလီမိတက်မှ B.O.T စနစ်ဖြင့် ဆောင်ရွက်သော မိတ္ထီလာ - တောင်ကြီး - ကျိုင်းတုံ - တာချီလိတ်လမ်း (မိတ္ထီလာ - တောင်ကြီး) အပိုင်း လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို လမ်းတစ်လျှောက်ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ကလောမြို့တွင်းလမ်းဖြစ်သည့် စစ်ဦးစီး တက္ကသိုလ် အဝင်လမ်းအား မူလကျောက်ကတ္တရာလမ်း (၁၂) ပေမှ ကတ္တရာကွန်ကရစ် AC လမ်း (၁၈) ပေအဖြစ် တိုးချဲ့အဆင့်မြှင့်တင် ဆောင်ရွက်နေမှုကိုလည်းကောင်း၊ ကလောမြို့ လမ်းဦးစီးဌာန မြို့နယ်ဦးစီးရုံးအား လက်ထောက်ညွှန်ကြားရေးမှူးရုံးအဖြစ် တိုးချဲ့ဖွင့်လှစ်မည့်နေရာကို လည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ဇန်နဝါရီ (၈) ရက် နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးသည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ဥက္ကဋ္ဌ ဦးခွန်ရဲထွေး၊ ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဗိုလ်မှူးကြီး ညီညီတင် နှင့်အတူ ဟိုပုံးမြို့တွင် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ကြီးကြပ်၍ ရဲမာန် ဆောက်လုပ်ရေး ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်နေသည့် (၄) ခန်းတွဲ (၄) ထပ် ဝန်ထမ်းအိမ်ရာ တည်ဆောက်ရေး လုပ်ငန်းခွင်ကိုလည်းကောင်း၊ နမ့်စန်မြို့ လမ်းဦးစီးဌာန၊ မြို့နယ်ဦးစီးရုံးအား လက်ထောက်ညွှန်ကြားရေးမှူးရုံးအဖြစ် တိုးချဲ့ဖွင့်လှစ်မည့် နေရာကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် နမ့်စန်မြို့၊ လမ်းဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိရုံး အစည်းအဝေးခန်းမတွင် B.O.T စနစ်ဖြင့် ဆောင်ရွက်နေသော နေမင်းရောင် ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မိတ္ထီလာ - တောင်ကြီး - ကျိုင်းတုံ - တာချီ လိတ်လမ်း မိုင်တိုင် (၁၈၈ /၂ မှ ၂၃၃ / ၅.၅ ) အထိ (၄၅ / ၃.၅) မိုင်အတွင်း လမ်းဦးစီးဌာန၊ လမ်းအထူးအဖွဲ့ (၅) မှ တာဝန်ယူ ဆောင်ရွက်နေသည့် ကတ္တရာလမ်းတိုးချဲ့ခြင်း၊ လမ်းအနိမ့်အမြင့် ညှိပြီး ကတ္တရာ ရေပိတ်လွှာလောင်းခြင်း၊ (ဝမ်ဟင်ရွာအဝင်) အန္တရာယ်ရှိသော မျက်ကွယ်အကွေ့ကို ဖြောင့်ပြီး လမ်းတာပေါင်အသစ် တည်ဆောက်ထားသော အပိုင်းတို့ကို ကြည့်ရှုစစ်ဆေးသည်၊
ဆက်လက်၍ ဒုတိယဝန်ကြီး၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်လှမိုး နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူတို့သည် လဲချား - ခိုလမ်လမ်း ဆောင်ရွက်ပြီးစီးမှုကို လည်းကောင်း၊ မိတ္ထီလာ - တောင်ကြီး - ကျိုင်းတုံ-တာချီလိတ်လမ်း မိုင် (၂၃၃ / ၅ ဒသမ ၅ မှ ၂၈၂/ ၂ ဒသမ ၅ ) ( ၄၈/၅) မိုင်အတွင်း ဒု-အခြေခံလွှာခင်းပြီး မျက်နှာပြင်ပေါ်တွင် (၅ ဒသမ ၅) မီတာအကျယ် ကတ္တရာလမ်း ချဲ့ခင်းခြင်း၊ အကြိုအင်ဂျင်နီယာလုပ်ငန်း ဆောင်ရွက်ခြင်းနှင့် သာမန် ပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုကိုလည်းကောင်း ကြည့်ရှု့စစ်ဆေးခဲ့သည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မိတ္ထီလာ - တောင်ကြီး - ကျိုင်းတုံ - တာချီ လိတ်လမ်းပေါ်ရှိ သံလွင်တံတား (တာကော်) တည်ဆောက်ရေးလုပ်ငန်းခွင်ကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် မိတ္ထီလာ - တောင်ကြီး - ကျိုင်းတုံ - တာချီလိတ်လမ်း (တာကော် - မိုင်းပျဉ်း - ကျိုင်းတုံ) လမ်းပိုင်းတွင် ၂၀၂၁ ခုနှစ် မိုးရာသီအတွင်း လမ်းတံတားပျက်စီးမှုနှင့် ပြန်လည်တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လမ်းလုပ်သားများကို ထောက်ပံ့ငွေများ ပေးအပ်သည်။ ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် (တာကော် - မိုင်းပျဉ်း - ကျိုင်းတုံ) အပိုင်း (468) km – (468.5) km အတွင်း (0.2) km အား (၁၂.၂)m အကျယ် ရရှိရန် ကျောက်တောင် လမ်းချဲ့ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ယမန်နေ့ နံနက်ပိုင်းက (တာကော် - မိုင်းပျဉ်း - ကျိုင်းတုံ) အပိုင်း (565) km မှ (569) km အတွင်း (၁၂) ပေ အကျယ်လမ်းမှ (၁၈) ပေအကျယ် လမ်းချဲ့ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှု နှင့် ပန်နောင်လုံစခန်း ပတ်ဝန်းကျင်တွင် အရိပ်ရ လေကာပင်များ တစ်အုပ်တစ်မ စိုက်ပျိုးထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျိုင်းတုံမြို့ရှောင်လမ်း (6.85) km - (7) km အတွင်းရှိ အရှည်ပေ (၈၀) သံကူကွန်ကရစ်တံတား တည်ဆောက်ရေး လုပ်ငန်းခွင်ကို လည်းကောင်း၊ ကျိုင်းတုံမြို့တွင် မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူ တည်ဆောက်ခဲ့သည့် (၄) ခန်းတွဲ (၄)ထပ် ဝန်ထမ်းအိမ်ရာ တည်ဆောက်ပြီးစီးမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


