နေပြည်တော် ဇန်နဝါရီ ၁၂
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းထိန်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီ ၁၀ ရက် နံနက်ပိုင်းတွင် ကျိုင်းတုံမြို့ လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ)ရုံး အစည်းအဝေးခန်းမတွင် ဦးစီးဌာန(၅)ခုမှ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ လုပ်ငန်းလိုအပ်ချက်များကို မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် တာလေ - ပါလျှိုး - ကျိုင်းလပ်လမ်းအပိုင်းနှင့် မြန်မာ - လာအို ချစ်ကြည်ရေးတံတား ကြံ့ခိုင်မှုကို မြန်မာဘက်ခြမ်းတံတားပေါ်မှ ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တာလေမြို့ရှောင်လမ်းပေါ်ရှိ နမ့်လင်းတံတား စီမံကိန်းယာယီရှင်းလင်းဆောင်သို့ ရောက်ရှိပြီး တာဝန်ရှိသူများကို လုပ်ငန်းလိုအပ်ချက်များမှာကြားကာ တံတားတည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် မြို့ရှောင်လမ်းလုပ်ငန်း ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် လမ်းဦးစီးဌာန၊ မိုင်းဆတ်ခရိုင်မှ တာဝန်ယူ တည်ဆောက်နေသော မိုင်းဆတ် - တာချီလိတ်လမ်း ရှင်းလင်းဆောင်သို့ ရောက်ရှိပြီး မိုင်းဆတ် - တာချီလိတ်လမ်းသည် နယ်စပ်မြို့တို့ကို ဆက်သွယ်ထားသည့် လမ်းတစ်လမ်းဖြစ်ပြီး ကုန်စည်စီးဆင်းမှု သွက်လက်မြန်ဆန်စေရန် အရေးပါသည့် လမ်း၊ တံတားများ ကောင်းမွန်ရန်လိုပါကြောင်း၊ အတက်/ အဆင်း၊ အကွေ့ / အကောက် များသည့် တောင်ပေါ်လမ်းဖြစ်၍ ယာဉ်အန္တရာယ် ကင်းရှင်းစေရေး သတိပေး လမ်းညွှန်ဆိုင်းဘုတ်များ စိုက်ထူထားရန်နှင့် လမ်းဘေးရေနုတ်မြောင်းများ စနစ်တကျ ပြုလုပ်ထားရှိရန် တာဝန်ရှိသူများအားမှာကြားသည်။
ဒုတိယဝန်ကြီးသည် ဇန်နဝါရီ (၁၁)ရက် နံနက်ပိုင်းတွင် မိုင်းဆတ်မြို့၌ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ကြီးကြပ်တည်ဆောက်နေသည့် မိုင်းဆတ်မြို့ (၄)ခန်းတွဲ (၄)ထပ် ဝန်ထမ်းအိမ်ရာအား လိုက်လံကြည့်ရှုစစ်ဆေးသည်။ ယင်းနောက် နမ့်စန် - မိုးနဲ - မိုင်းတုံ - မိုင်းဆတ်လမ်း (မိုင်းဆတ် - မိုင်းတုံ) လမ်းအပိုင်းပေါ်ရှိ သံလွင်တံတား(တာဆန်း) တည်ဆောက်ရေး လုပ်ငန်းခွင်သို့ရောက်ရှိပြီး တာဝန်ရှိသူများကို ယခုအသစ်တည်ဆောက်နေသည့် တံတားသည် ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့ကို ဆက်သွယ်ထားသော လမ်းပေါ်တွင် တည်ရှိပြီး နယ်စပ်မြို့များကို အဓိကဆက်သွယ် သွားလာနိုင်သည့်အတွက် အထူးအရေးပါသည့် တံတားတစ်စင်းဖြစ်ပါကြောင်း၊ ယခု (၇၅)တန် ခံနိုင်ဝန်တံတားအသစ်ကို တည်ဆောက်ခြင်းဖြစ်၍ တံတားတည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်အချိန်မီပြီးစီးရေး၊ လုပ်ငန်းအားလုံး အရည်အသွေး ပြည့်မီရေးအထူးဂရုပြု ဆောင်ရွက်ရန်လိုကြောင်းနှင့် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး ဦးစားပေးဆောင်ရွက်ရန်မှာကြားပြီး တံတားတည်ဆောက်နေမှု လုပ်ငန်းများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
သံလွင်တံတား (တာဆန်း)သည် ရှမ်းပြည်နယ် (တောင်ပိုင်း) နှင့် (အရှေ့ပိုင်း) တို့ကို ဆက်သွယ်သည့် နမ့်စန် - မိုးနဲ - မိုင်းတုံ - မိုင်းဆတ်လမ်းပေါ်တွင် တည်ရှိပြီး စုစုပေါင်း တံတား အရှည် (၂၆၆ ဒသမ ၈၆၁) မီတာ၊ ယာဉ်သွားလမ်းအကျယ် (၈ ဒသမ ၅)မီတာ၊ လူသွားလမ်းတစ်ဖက်လျှင် (၁)မီတာစီပါရှိပြီး တံတား၏ ယာဉ်တစ်စီးချင်း ခံနိုင်ဝန်မှာ (၇၅)တန် ဖြစ်သည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် နမ့်စန် - မိုးနဲ - မိုင်းတုံ - မိုင်းဆတ်လမ်းမပေါ်ရှိ (လင်းခေး - မိုင်းပန်) လမ်းအပိုင်းကို လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


